အမေရိကန်တပ်ဖွဲ့တွေ အီရတ်နိုင်ငံကနေ ၁၆ လအတွင်း နောက်ဆုံးထား ဆုတ်ခွာရေးဆိုတာဟာ အမေရိကန်ခေါင်းဆောင်တွေ စဉ်းစားတဲ့ အစီအစဉ်တွေထဲက တခုမျှသာဖြစ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ သမ္မတအိုဘားမားက ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်၊ စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen)၊ ရာထူးကထွက်တော့မယ့် အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရိုင်ယန် ခရော့ခ်ကာ (Ryan Crocker) တို့ကို တွေ့ဆုံပါတယ်။
အီရတ်နိုင်ငံမှာ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဖို့ အကဲဖြတ်ခြင်းသာဖြစ်တယ်၊ ဆွေးနွေးပွဲအပြီး အီရတ်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့ လိုအပ်မယ်ထင်တဲ့ အစီအစဉ်များ ရေးဆွဲကြဖို့ သမ္မတအိုဘားမားက ညွှန်ကြားသွားတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်က အီရတ်က အမေရိကန်တပ်ဖွဲ့များ ၂ နှစ်အတွင်း ရုပ်သိမ်းပေးမယ်လို့ ဘရက်ခ် အိုဘားမားက ကတိပြုခဲ့ပါတယ်။