ကွန်ဂို တူစီ သူပုန်ခေါင်းဆောင် လော့ရင့် အဲန်ကွန်ဒါး (Laurent Nkunda) ဟာ အိမ်နီးချင်း ရ၀မ်ဒါ နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ အဲန်ကွန်ဒါး ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဘူနာဂနာ (Bunagana) မှာကွန်ဂိုနဲ့ ရ၀မ်ဒါတပ်တွေ အတူပူးပေါင်းလုပ်ဆောင်တဲ့ စစ်ဆင်ရေးကို ခုခံကာကွယ်မှုတွေ လုပ်ပြီး ရ၀မ်ဒါနိုင်ငံဘက်ကို ဖြတ်ကျော်စဉ် ကြာသာပတေးနေ့မှာ အဖမ်းခံရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကွန်ဂိုအစိုးရရဲ့ ရ၀မ်ဒါ ဟူတူ သူပုန်တွေကို ဖမ်းဆီးလက်နက်ချတာကို ကူညီဖို့အတွက် ရ၀မ်ဒါတပ်သား ၁,၅၀၀ ဟာ ကွန်ဂိုနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက် ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ငြိမ်းချမ်းရေးလုပ်ဆောင်မှု ပျက်သွားပြီးကတည်းက ကွန်ဂိုအစိုးရတပ်တွေနဲ့ အဲန်ကွန်ဒါး ရဲ့ သူပုန်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ တူစီ လူနည်းစုတွေကို ဟူတူ အစွန်းရောက်တွေကနေ ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ အဲန်ကွန်ဒါး က ဆိုပါတယ်။
အခုလအစောပိုင်းမှာတော့ အဲန်ကွန်ဒါး ရဲ့ စစ်ဦးစီးချုပ် ဘော်စ်ကို အဲန်တာဂန်ဒါး (Bosco Ntaganda) က ဟူတူ ပြောက်ကျား သူပုန်တွေကို တိုက်ဖို့အတွက် ကွန်ဂိုအစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။