သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင် အင်ဒိုနီးရှား လက်ခံမည်မဟုတ်


အင်ဒီဒိုနီးရှားနိုင်ငံ အာချေးခရိုင်အနောက်ပိုင်းက ဆာဘန်ကျွန်းမှာ အခုလ ၇ ရက်နေ့က သောင်တင်နေခဲ့တဲ့ မြန်မာနိုင်ငံသား ရိုဟင်ဂျာ ၁၉၃ ယောက်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။ ဒီ မြန်မာရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ သွားရောက် အလုပ်လုပ်ဖို့အတွက် မနှစ်နှစ်ကုန်ပိုင်းလောက်က သင်္ဘောနဲ့ထွက်ခွာခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို ထိုင်းရေတပ်က ဖမ်းဆီးမိပြီး ရက်အတန်ကြာ ထိန်းသိမ်းထားရာက နောက်ပိုင်းမှာ အစာရေစာ အလုံအလောက်မပေးဘဲ ပင်လယ်ထဲ စက်မပါတဲ့လှေတွေနဲ့ ပြန်မောင်းထုတ်ခံခဲ့ရသူတွေထဲက တချို့ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတော့ ဒီမြန်မာရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့အတွက် အင်ဒိုနီးရှားအစိုးရကို စာနှစ်စောင်ပေးပို့ပြီး တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဒီဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရအနေနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ကူညီပေးရေးအဖွဲ့ IOM နဲ့အတူလက်တွဲပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တီကူး ဖာဇက်ယာ က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒီဒုက္ခသည်တွေနဲ့ပတ်သက်လို့ UNHCR ရဲ့ တောင်းဆိုချက်တွေကို အကြောင်းမပြန်ရသေးပါဘူးခင်ဗျ။ လက်ရှိအနေအထားကတော့ ကျနော်တို့အနေနဲ့ IOM နဲ့ လက်တွဲပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။ ကျနော်တို့ ပထမပိုင်း စုံစမ်းစစ်ဆေးချက်တွေအရတော့ ဒီလူတွေဟာ နိုင်ငံရေးကြောင့် ခိုလှုံလာသူတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ စီးပွားရေးဒုက္ခသည်တွေပဲဆိုတာကို တွေ့ရှိခဲ့ရပါတယ်။”

ဒါ့အပြင် ဒီဒုက္ခသည်တွေကို အင်ဒိုနီးရှားအစိုးရအနေနဲ့ သူ့နိုင်ငံမှာ လက်ခံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ပြန်ပို့မယ်လို့ မစ္စတာ တီကူး ဖာဇက်ယာ က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီဒုက္ခသည်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ နောက်တပတ်အစောပိုင်းမှာ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ လတ်တလော သတင်းတွေမှာတော့ - ဒီလူတွေအားလုံးဟာ နိုင်ငံရေးဒုက္ခသည်တွေ မဟုတ်တဲ့အတွက် မြန်မာပြည် ဒါမှမဟုတ် ထိုင်းနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့အနေအထား မှာရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

အခုအခါ ဒီရိုဟင်ဂျာ ၁၉၃ ယောက်စလုံးဟာ အင်ဒိုနီးရှားရေတပ်စခန်းမှာ ခိုလှုံနေပြီး သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း မစ္စတာ တီကူး ဖာဇက်ယာ က -

“သူတို့အားလုံး အခု အဲဒီကျွန်းမှာပဲ ကောင်းကောင်းမွန်မွန် ရှိနေကြပါတယ်။ သူတို့အားလုံး လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေအားလုံးကိုလည်း ကျနော်တို့အစိုးရအနေနဲ့ ထောက်ပံ့ပေးထားပါတယ်။ ဆေးဝါး အကူအညီတွေ ကိုလည်း ကျနော်တို့ ပံ့ပိုးထားပါတယ်။ သူတို့ ကျန်းကျန်းမာမာရှိတဲ့အတွက်လည်း ကျနော်တို့ ဝမ်းသာ ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တီကူး ဖာဇက်ယာ ပြောသွားတာပါ။ အခု အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်ခဲ့တဲ့ မြန်မာနိုင်ငံသား ရိုဟင်ဂျာတွေအပါအဝင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက ရိုဟင်ဂျာ ၁,၀၀၀ နီးပါးလောက်ဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် သင်္ဘောတွေနဲ့ ထွက်ခွာလာသူတွေဖြစ်ပြီး သူတို့ကို ထိုင်းရေတပ်က ဖမ်းဆီးပြီး ပင်လယ်ထဲ အစာရေဆာ အလုံအလောက်မပေးဘဲ စက်မပါတဲ့လှေတွေနဲ့ ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့တာမှာ ၁၀၀ ကျော်ကိုတော့ အိန္ဒိယရေတပ်က ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ UNHCR က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG