သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွား ဦးမော့လာရေး အိုဘားမား ဦးစားပေး


အမေရိကန်သမ္မတ ဘားရက်အိုဘားမား က အမေရိကန်နိုင်ငံရဲ့ ထိုင်းမှိုင်းနေတဲ့ စီးပွားရေးကို ပြန်လည် ဦးမော့ လာနိုင်စေရေးအတွက် သူ့ရဲ့ အစီအစဉ်ကို လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးနိုင်ဖို့အတွက် လက်ရှိ နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေက တောင်းဆိုနေပြီလို့ ပြောလိုက်ပါတယ်။ မစ္စတာ အိုဘားမား က ထိပ်တန်း ဒီမိုကရက်နဲ့ ရီပါပလစ်ကန် လွှတ်တော်အမတ်တွေနဲ့ သောကြာနေ့က တွေ့ဆုံရင်း အခုလို ပြောလိုက်တာလို့ အိမ်ဖြူတော်က ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်ရန် (Kant Klein) က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အစည်းအဝေးပွဲစတင်ချိန်မှာတော့ သမ္မတ အိုဘားမား က လွှတ်တော်မှာ ရီပါပလစ်ကန်အမတ်တချို့က ဒေါ်လာ ကုဋေ ၈၂,၅၀၀ ခန့်ရှိတဲ့ စီးပွားရေး ဦးမော့စေမယ့်တချို့အပိုင်းတွေကို မကြိုက်နှစ်သက်ကြဘူး ဆိုတာကို သူ့အနေနဲ့ နားလည်သဘောပေါက်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“ကျနော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ တာဝန်တွေဟာ အတော်ကို ကြီးလေးလှတယ်ဆိုတာ ကျနော် သိပါတယ်။ အခု စားပွဲဝိုင်းမှာထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြားမှာ သဘောထားအမြင်တချို့ ကွဲပြားမှုတွေ ရှိနေတုန်းပဲဆိုတာကိုလည်း ကျနော် သဘောပေါက်ပါတယ်။ ဒီလိုပါပဲ အစိုးရနဲ့ လွှတ်တော်အမတ်တွေကြားမှာလည်း ဒီအစီအစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ အမြင်သဘောထား ကွဲပြားမှုတွေ ရှိကြမယ်ဆိုတာကို ကျနော် လက်ခံပါတယ်။”

ဒါပေမယ်လို့ နိုင်ငံရဲ့ စီးပွားရေးပြဿနာ ဟာ သိပ်ကို အရေးပေါ်ဖြစ်နေတဲ့အတွက်ကြောင့် ဖြေရှင်းဖို့ အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ သင့်နေပြီဆိုတာကိုလည်း သမ္မတ က ပြောခဲ့ပါတယ်။ လွှတ်တော်အနေနဲ့ စီးပွားရေး ဦးမော့လာစေမယ့် အစီအစဉ်ကို ဖေဖော်ဝါရီလလယ်မှာ အတည်ပြုပေးနိုင်လိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်းလည်း မစ္စတာ အိုဘားမား က ပြောပါတယ်။ ဒီရည်မှန်းချက်ကို ပြည့်မှီအောင် ဆောင်ရွက်ရမယ်ဆိုတာကို မစ္စတာ အိုဘားမား နဲ့အတူ အစည်းအဝေး တက်ရောက်သူအားလုံးက ယုံကြည်ကြတယ်ဆိုတဲ့ အရိပ်လက္ခဏာကို ပြခဲ့ကြပါတယ်။

ဒီနောက် ရီပါပလစ်ကန် အောက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင်ဖြစ်တဲ့ ဂျွန် ဘိုနာ က အစည်းအဝေးကျင်းပတာ အဆင်ပြေချောမွေ့တဲ့အကြောင်း၊ အထူးသဖြင့် အောက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးခဲ့တဲ့ စီးပွားရေး ဦးမော့လာစေမယ့် အစီအစဉ်နဲ့ပတ်သက်လို့ ရီပါပလစ်ကန်တို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း မစ္စတာ အိုဘားမား က နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

“စီးပွားရေး ဦးမော့လာစေမယ့် အစီအစဉ်တွေကို နားထောင်ရတာ ချက်ချင်းနားလည်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် အချိန်များ နောက်ကျသွားပြီလားလို့လည်း ယူဆစရာ ရှိနေပါတယ်။ ရာထားတဲ့ အသုံးစရိတ်တွေကလည်း အတော်လေးများနေတာကို တွေ့ရပါတယ်။”

အထက်လွှတ်တော်အနေနဲ့ ဒေါ်လာကုဋေ ၇၇,၅၀၀ တန်ဘိုးရှိတဲ့ စီးပွားရေးဦးမော့လာစေမယ့် အစီအစဉ်ကို လေ့လာသုံးသပ်နေတာဖြစ်ပါတယ်။ အထက်လွှတ်တော်ရဲ့ အစီအစဉ်မှာ လူတဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အခွန်ဆောင်ငွေ လျော့ချပေးဖို့၊ အခွန်ဆောင်ငွေထဲက ကောလိပ်ကျောင်းစရိတ် အတွက် ထောက်ပံ့ငွေတွေပေးဖို့နဲ့ လောင်စာစွမ်းအင် ခြိုးခြံဆောင်ရွက်သူတွေအတွက် အခွန်ဆောင်ငွေ လျော့ချပေးဖို့တို့ ပါဝင်ပါတယ်။

အထက်လွှတ်တော် ထိပ်တန်း ဒီမိုကရက် အမတ်အများစုခေါင်းဆောင် ဖြစ်တဲ့ ဟယ်ရီ ရိတ် က အခြေအနေရဲ့ အရေးကြီးမှုကို စည်းဝေးပွဲတက်ရောက်သူတိုင်းက နားလည်လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

“နိုင်ငံမှာ စီးပွားရေးပြဿနာကို ရင်ဆိုင်နေရတယ်။ စီးပွားရေး အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ် ဆိုတဲ့ အချက်ကို လက်မခံတဲ့ လွှတ်တော်အမတ်ဆိုလို့ ဒီအခန်းထဲမှာ တယောက်မှ မရှိပါဘူး။ ဒါပေမယ့် စည်းဝေးပွဲအဆုံးမှာ ကျနော်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာကနေ ထွက်ပေါက်ရှာနိုင်မယ်ဆိုတာကို အားလုံးက ယုံကြည်ကြတာကို တွေ့ရှိရပါတယ်။”

ဒါ့အပြင် ငွေကြေးရင်းနှီးမှုဆိုင်ရာ လုပ်ငန်းကြီးတွေကို ကယ်တင်ဖို့ ထပ်ဆောင်းငွေ ဒေါ်လာ ကုဋေ ၃၅,၀၀၀ အသုံးပြုရာမှာလည်း တာဝန်သိတတ်မှုနဲ့ ထင်သာမြင်သာရှိမှုတို့ကို အာမခံပေးမယ့် ဥပဒေကိုလည်း ပြဌာန်းလိုက်နာဖို့ လိုအပ်တယ်လို့ မစ္စတာ အိုဘားမား က သောကြာနေ့က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG