သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မကြာမီ မြန်မာပြည်သွားမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဗရာဟမ် ဂမ်ဘာရီ မြန်မာနိုင်ငံကို ဒီလကုန်သွားမယ်လို့ သံတမန်ရပ်ကွက်က ပြောကြောင်း သတင်းတွေမှာ ဖော်ပြနေပေမယ့် သူ့ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဂမ်ဘာရီ သွားမယ့်အချိန်ကာလနဲ့ပတ်သက်ပြီး ညှိနှိုင်းနေဆဲပဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး၊ နိုင်ငံရေးပြဿနာတွေနဲ့ သိပ်ကို အရေးကြီးတဲ့အချိန်မို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကို သွားသင့်တယ်လို့ အဲန်စီဂျီယူဘီ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့က ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက လိုလားသလို ပြောင်းလဲမှုတွေ တခုမှမလုပ်သေးတဲ့အပြင် မကြာသေးခင်ကမှ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် ထောင်ဒဏ်တွေချမှတ်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ တိုးပြီးလုပ်နေတာမို့ မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဝေဖန်ပြစ်တင်နေကြတဲ့အချိန်မှာပဲ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားမယ်ဆိုတဲ့ သတင်းက ထွက်လာတာပါ။ ဒါကြောင့် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားရောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး မစ္စတာ ဂမ်ဘာရီ ရုံး ပြောခွင့်ရ ဂျဲရက် ကော့တလာ ကို မေးကြည့်ပါတယ်။

“မြန်မာအစိုးရက မစ္စတာ ဂမ်ဘာရီကို မြန်မာပြည်ကိုလာဖို့ ဖိတ်ကြားထားပါတယ်။ ဒါပေမယ့် သူ သွားဖို့ခရီးစဉ် နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ညှိနှိုင်းနေတုန်းပါပဲ။”

မစ္စတာ ဂမ်ဘာရီဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ သံတမန်ရပ်ကွက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေတာမို့ ဒီသတင်းတွေ နဲ့ပတ်သက်ပြီး အတည်ပြုချက်ပေးဖို့ ပြောတဲ့နေရာမှာတော့ -

“ဒါကိုတော့ အတည်ပြု မပေးနိုင်ပါဘူး။ ကျနော် အတည်ပြုနိုင်တာက မြန်မာအစိုးရက မစ္စတာ ဂမ်ဘာရီကို ဖိတ်ကြားထားတယ်။ အဲဒါ မှန်ပါတယ်။ ဒါပေမယ့် ခရီးစဉ် အသေးစိတ်ကို ညှိနှိုင်းနေတုန်းမိုလို့ ရက်အတိအကျကိုတော့ အတည်ပြုမပေးနိုင်သေးပါဘူး။”

မစ္စတာ ကော့တလာ က ပြောသွားတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ ၂၀၀၆ ခုနှစ်ကစပြီး ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ခြောက်ကြိမ်သွားရောက်ခဲ့ပေမယ့် စစ်အစိုးရအပေါ် ပြောင်းလဲမှု ထူးထူးခြားခြား ဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် မြန်မာ့အရေး စောင့်ကြည့်သူတွေက အားရမှုသိပ်မရှိကြပါဘူး။ အဲန်စီဂျီယူဘီ အဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာ သောင်းထွန်းကတော့ ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးတဲ့အခြေအနေမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် သွားရောက်သင့်တဲ့အချိန်ဖြစ်ပြီး အတွင်းရေးမှူးချုပ်ကိုယ်တိုင် သွားတဲ့အခါမှာ ထိရောက်တဲ့ ရလဒ်တွေ ရနိုင်ဖို့အတွက် အခု မစ္စတာ ဂမ်ဘာရီ က ကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေက အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်နေတယ်။ တဖက်မှာ နအဖ ကနေ ဖွဲ့စည်းပုံဥပဒေကို သူတို့စိတ်ကြိုက် ဖန်ဆီးပြီးတော့ လွတ်လပ်ပြီးတော့ တရားမျှတမှုမရှိတဲ့ ဆန္ဒခံယူပွဲနဲ့ အတင်းအကျပ် ချမှတ်ထားတယ်။ အဲဒါကို ၂၀၁၀ မှာ အကောင်အထည် ဖော်မယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပမယ် ဆိုပြီးတော့ လုပ်ထားတယ်။ ဆိုတော့ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒတွေကို ထင်ဟပ်တဲ့ ဖွဲ့စည်းပုံဥပဒေ မဟုတ်တဲ့အတွက်ကြောင့်မိုလို့ တိုင်းပြည်တွင်းမှာ နိုင်ငံရေးအရ တင်းမာမှုတွေဟာ တနေ့တခြား မြင့်တက်လာတယ်။ အဲဒီအချိန်မှာပဲ လူမှုရေး စီးပွားရေးဘက်ကို ကြည့်မယ်ဆိုရင်လည်း တစတစ ပိုပြီးတော့ ယိုယွင်းလာတာတော့ နှစ်တွေကြာပြီ။ ကမ္ဘာ့စီးပွားပျက် ကပ်ကလည်း မြန်မာနိုင်ငံအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ ထုတ်ကုန်တွေ ကျဆင်းနေသလို အလုပ်လက်မဲ့ပြဿနာက တော်တော်ကို ကြီးမားနေတယ်။ နောက် အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်ကြတဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာလည်း အလုပ်တွေ ဖြုတ်တဲ့အပိုင်းတွေ ဖြစ်နေတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာပြည်ကို ပြန်သွားနေကြတယ်။ မြန်မာပြည်မှာ ကလည်း အလုပ်မရှိတော့ အင်မတန် စိုးရိမ်စရာ အချိုးအကွေ့ ပေါ့နော်။ ပေါက်ကွဲမှုကြီးတခုစီကို ဦးတည်တဲ့ အနေအထား ဖြစ်နေတယ်။ ဆိုတော့ ဒီလို အနေအထားမျိုးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးရအောင် လုပ်ပြီးတော့ တိုင်းပြည်ပြန်လည် ထူထောင်ရေးနဲ့ လူထုရဲ့ ပြဿနာတွေကို ဖြေရှင်းရေး ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကုလသမဂ္ဂ အနေနဲ့ ဒါကို အမြန်ဆုံး လုပ်ဖို့လိုတယ်။ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင်သွားဖို့ ကျနော်တို့ တိုက်တွန်းနေတာ ရှိတယ်။ သွားတယ်ဆိုတဲ့နေရာမှာလည်း ပြင်ဆင်မှုရှိရှိနဲ့ ရလဒ်ရှိတဲ့ ခရီးစဉ် ဖြစ်ဖို့ လိုတယ်။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ် သွားမယ့်ခရီးစဉ်အတွက် အနေအထားတွေကို ကြိုတင်ပြင်ဆင်တာ၊ သွားတဲ့အခါမှာ ထိရောက်တဲ့ရလဒ်တွေ ရနိုင်အောင် ဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အရင်တခေါက်ကလိုပဲ ဒေါ်ေအောင်ဆန်းစုကြည်ကလည်း မတွေ့ဘူး။ ဗိုလ်ချုပ်ကြီး သန်းရွှေကလည်း မတွေ့ဘူးဆိုရင် မစ္စတာ ဂမ်ဘာရီ သွားတဲ့အကျိုးဆက်က ဘာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားလဲရှင့်။ -

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ မြန်မာပြည်ရဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနဲ့ ညှိနှိုင်း အဖြေရှာဖို့ တစိုက်မတ်မတ် ကြိုးပမ်းခဲ့သလို ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အနေနဲ့ကတော့ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လိမ့်မယ်။ သူတို့ရဲ့ သဘောထားတွေ အမြင်တွေကို တင်ပြလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကုလသမဂ္ဂဘက်က လိုချင်တာက တကယ့် နအဖ ရဲ့ ပေါ်လစီရေးရာတွေကို ဆုံးဖြတ်တဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေကိုယ်တိုင် တွေ့စေချင်တဲ့ ဆန္ဒရှိတယ်။ သဘောထားတွေ ပြောစေချင်တဲ့ ဆန္ဒရှိတယ်။ အဲဒီသဘောထားတွေကို နအဖ ဘက်က ဘယ်လို တုံ့ပြန်မှာလဲဆိုတာကို ကျနော်တို့လည်း အကဲဖြတ်လို့ မရပါဘူး။ ဒါဟာ သူတို့အပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေ မရှိခဲ့ဘူး၊ ယူအဲန်ရဲ့ အကြံပေးမှုတွေကို တုံ့ပြန်မှုတွေ မရှိခဲ့ဘူးဆိုရင်တော့ ရှေ့ဆက်ပြီး ဘယ်လို ခြေလှမ်း လှမ်းမလဲ၊ ဘယ်လို ဆောင်ရွက်မှုတွေ လုပ်မလဲဆိုတာ ဆုံးဖြတ်ရတဲ့ အခြေအနေ တရပ်ကတော့ ဖြစ်လာမှာပဲ။”

ဒေါက်တာ သောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG