သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာ ညွန့်ပေါင်းအစိုးရ တိုးချဲ့ ဖွဲ့စည်း


ပြည်ပရောက်မြန်မာအစိုးရအဖွဲ့ဖြစ်တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်း အစိုးရကို ဝန်ကြီးအဖွဲ့ဝင် အသစ်တချို့ ထပ်တိုးပြီး ဖွဲ့စည်းလိုက်ပါပြီ။ ဝန်ကြီးချုပ်ကတော့ အရင်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကိုပဲ ပြန်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီရွေးကောက်ပွဲကို အိုင်ယာလန်နိုင်ငံ မြို့တော် ဒဗ္ဗလင်မှာ ကျင်းပခဲ့တာပါ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ပရောက် မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU အဖွဲ့ရဲ့ ၄ နှစ်တကြိမ် ကျင်းပတဲ့ ညီလာခံနဲ့အတူ NCGUB ရဲ့ အစိုးရသစ် တိုးချဲ့ ဖွဲ့စည်းမှုကို လုပ်ခဲ့ကြတာပါ။ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂကနေ ဖယ်ရှားရေးဆိုတဲ့ အစီအစဉ်ကတော့ အများရဲ့ သဘောတူညီချက်နဲ့ ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ NCGUB အစိုးရမှာ ဝန်ကြီးသစ် တဦးအဖြစ် တက်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ကို ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီတခေါက်ကျင်းပတဲ့ ညီလာခံက အထူးခြားဆုံးအချက်က ဘာပါလဲခင်ဗျ။ -

“အစိုးရဖွဲ့သစ်ကို ပြန်ပြီးတော့မှ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒါ ကျနော်တို့ ထူးခြားချက်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ တိုးချဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ အဲဒီမူကို ဆက်လက် အကောင်အထည် ဖော်ဖို့အတွက်ကိုလည်း ဒီညီလာခံကနေ လုပ်ငန်း အကောင်အထည် ဖော်ဖို့အတွက်ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

ဟုတ်ကဲ့။ အစိုးရသစ် ဖွဲ့တယ်ဆိုတော့ ဒီအစိုးရသစ်က ဘယ်သူတွေနဲ့ဖွဲ့တဲ့အစိုးရသစ်လဲ။ ဘာတွေ ထူးခြားပါလဲခင်ဗျ။ ဒီအစိုးရသစ်က အရင်အစိုးရနဲ့ ဘာကွာပါသလဲခင်ဗျ။ -

“ပြန်လည်ပြီးတော့မှ ဒီမိုကရေစီနည်းကျ ပြည်သူ့လွှတ်တော် အားလုံးရဲ့ လျို့ဝှက် ဆန္ဒမဲတွေနဲ့ ကျနော်တို့ ပြန်ပြီးတော့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒေါက်တာစိန်ဝင်းကပဲ ဝန်ကြီးချုပ် အနေနဲ့ ပြန်ပြီးတော့ တာဝန် ပြန်ထမ်းဆောင်ခွင့်ရပါတယ်။ နောက်တခါ ယခင်က ကျနော်တို့ ဝန်ကြီးတာဝန်တွေ ယူခဲ့ကြတဲ့ ဦးဘိုလှတင့်၊ ဒေါက်တာ တင့်ဆွေ၊ ဦးခွန်မားကိုဘန်း တို့လည်း ဝန်ကြီးတွေ အဖြစ်နဲ့ ပြန်ပြီးတော့ ရွေးကောက်တင်မြှောက်ခံရပါတယ်။ အသစ်အနေနဲ့ကတော့ ကျနော် ခွန်မြင့်ထွန်း ရယ်၊ ကိုဝင်းလှိုင် ရယ်။ ဦးထွန်းဝင်း ရယ် သုံးဦးကတော့ ကျနော်တို့ ထပ်ပြီးတော့ ရွေးကောက်တင်မြှောက် ခံရပါတယ်ခင်ဗျ။ ဒီအစိုးရအဖွဲ့ထဲမှာ။”

ဟုတ်ကဲ့။ ဆိုတော့ ဒီအစိုးရ အဖွဲ့သစ်က ကိုယ်စားလှယ်သစ် သုံးဦး ထပ်တိုးတာက လွဲပြီးတော့ ဘာမှမထူးခြားဘူး ဆိုတဲ့သဘောလား။ -

“ဟုတ်ကဲ့။ ကျနော်တို့ ဒီ အစိုးရအဖွဲ့ကို ဖွဲ့တဲ့အခါမှာတော့ ကျနော်တို့ရဲ့ အခြေအနေ အကြောင်းမျိုးပေါ် မူတည်ပြီးတော့မှ အခုလို ဒီ လူဦးရေရဲ့ အနေအထားကတော့ ပြန်လည် ဖွဲ့စည်းရတာဖြစ်ပါတယ်။ သို့သောလည်း ကျနော်တို့က ဒီအစိုးရ ဖွဲ့တယ်ဆိုတဲ့အပေါ်မှာက ချမှတ်ထားတဲ့ မူတွေကို အဓိက ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။”

အဲဒီမူက အဓိက အချက်က ဘာပါလဲခင်ဗျ။ -

“ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မထိခိုက်စေဘဲနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရယ် ပါသင့်ပါထိုက်သူတွေနဲ့ ဒါ တိုးချဲ့ဖွဲ့စည်းရမယ် ဆိုတဲ့မူကို ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ အဲဒါကို အကောင်အထည် ဖော်ဖို့အတွက် ဒီညီလာခံကြီးကနေ ကျနော်တို့ ဆုံးဖြတ်ပြီးတော့မှ တာဝန်ပေးပါတယ်။ ကျနော်တို့ ကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းပြီးတော့ တာဝန် ပေးခဲ့ပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ လူတွေ အတော်များများက ဝေဖန်နေတာ အချက်တချက် ရှိပါတယ်ခင်ဗျ။ အဲဒါကတော့ မြန်မာပြည်မှာ စစ်အစိုးရဘက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့လိုမျိုး ခေါင်းဆောင်တွေ မပြောင်းမလဲဘဲ မြန်မာပြည်မှာ နှစ်ရှည်လများ အုပ်ချုပ်နေသလိုပဲ ပြည်ပမှာရှိတဲ့ အဲန်စီဂျီယူဘီ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ အဖွဲ့မှာလည်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကချည်းပဲ တောက်လျှောက် အာဏာကို ရယူထားတယ် ဆိုတဲ့ ဒီ မြန်မာစစ်အာဏာရှင်နဲ့ နှိုင်းယှဉ်ပြီးတော့ ဝေဖန်ပြောဆိုတဲ့အချက်တွေ ရှိပါတယ်ခင်ဗျ။ အခုလည်း ဝန်ကြီးချုပ် ဦးစိန်ဝင်းကပဲ အနိုင်ရသွားတယ် ဆိုတော့ ဒီလို မပြောင်းလဲတဲ့ကိစ္စအပေါ်မှာ ဘာလိုများ တုံ့ပြန်ချင်ပါသလဲခင်ဗျ။ -

“အဓိက ကတော့ ကျနော်တို့ ရွေးချယ်တင်မြှောက်ပုံစနစ်ဟာ နအဖ နဲ့ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ နဲ့ ကွာခြားချက်ဖြစ်ပါတယ်။ နအဖ မှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တကြိမ်တခါမှ သူဟာ ရွေးကောက်တင်မြှောက်ခံတယ် ဆိုတဲ့ဟာမျိုးနဲ့ ရွေးကောက်ပွဲနဲ့ ပြန်လုပ်တာ မဟုတ်ပါဘူး။ သူ့ရဲ့ အာဏာကို အသုံးပြုပြီးတော့မှ တောက်လျှောက် အုပ်ချုပ်တာ ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကိုက ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် အကုန်လုံးကနေပြီးတော့မှ လျို့ဝှက်မဲ နဲ့ ရွေးချယ်ရတာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကနေပြီးတော့မှ လျို့ဝှက်မဲ နဲ့ ရွေးချယ်တာ။ အဲဒီတော့ အခုလို ဒီမိုကရေစီနည်းကျ ရွေးချယ်တာနဲ့ ခုနကလို အာဏာကို မလွတ်တမ်းဆုတ်ထားပြီးတော့ ရွေးကောက်တင်မြှောက်ခံရမှုမျိုး မရှိတာ အဲဒါ ကွာပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ နောက်တခုက အခုကျင်းပတဲ့ ညီလာခံမှာ ကုလသမဂ္ဂကနေပြီးတော့ မြန်မာစစ်အစိုးရကို ဖယ်ရှားရေးကိစ္စကိုရော ဆွေးနွေးခဲ့ကြတာ ရှိပါသလားခင်ဗျ။ ကျနော်တို့ အဲဒီလို ဆွေးနွေးတယ်လို့ ကြားလို့ပါ။ -

“ဟုတ်ကဲ့။ ဒါကို ကျနော်တို့ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ နအဖ ကို ကုလသမဂ္ဂမှာ ဖယ်ရှားရေး ဆိုတဲ့ Credential Challenge နဲ့ ပတ်သက်ပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ အကြိတ်အနယ် ဆွေးနွေးပြီးတော့မှ ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံရဲ့ ထူးခြားချက်ကတော့ အခြေအတင်ရှိလာတဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့ ဒီမိုကရေစီ နည်းကျ ကျနော်တို့ ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ မဲခွဲပြီးတော့ ကျနော်တို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ မဲခွဲပြီးဆုံးဖြတ်တဲ့အခါမှာတော့ အခြေအနေ အကြောင်းကြောင်းအရ Credential Challenge ကို ကျနော်တို့ ဆက်လက်ပြီးတော့ မဆောင်ရွက်သင့်ဘူးဆိုတဲ့ အဆိုဘက်က အနိုင်ရပါတယ်။”

ဟုတ်ကဲ့၊ ဆိုတော့ ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို ဖယ်ရှားရေးဆိုတဲ့ လုပ်ငန်းက လုံး၀ ပျက်သွားပြီပေါ့ခင်ဗျ။ -

“လုံး၀ ပျက်သွားပြီလို့ ဆိုတာထက်ကို ကျနော်တို့ အခု တင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့သစ်ရဲ့ အခြေအနေ နောက်တခါ ပေးအပ်လာတဲ့ အခြေအနေတွေကိုရော မူတည်ဦးမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အခုနေအခါမှာတော့ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကတော့ ဒါကို ဆက်လက် မဆောင်ရွက်သင့်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။”

ဆိုတော့ ၂၀၁၀ မှာ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲ ထပ်ကျင်းပဖို့ ပြင်ဆင်ထားပါပြီ။ အခု ကိုမြင့်ထွန်းတို့ ပါဝင်တဲ့ အစိုးရသစ်အဖွဲ့က ဒီ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ အပါအဝင် နောက်ပိုင်း လုပ်ဆောင်မယ့် ခြေလှမ်းတွေအပေါ်မှာ ဘယ်လိုများ ထူးခြားတဲ့ တုံ့ပြန်ချက်တွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိနေပါပြီလဲခင်ဗျ။ -

“အခုဒီမှာ ကျနော်တို့ ကြေညာချက်ကို ထုတ်ပြန်ဖို့ ရှိပါတယ်။ အထူးအားဖြင့်တော့ ဒီကြေညာချက်မှာ ကျနော်တို့ ဘာကို ဖော်ပြထားလဲဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပတာဟာ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် (၂၁)၊ ပုဒ်မ (၃) ကို ချိုးဖောက်ရာရောက်တယ် ဆိုတာကို ကျနော်တို့ တိတိလင်းလင်း ဖော်ပြပါတယ်။ နအဖ ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တဲ့သူတွေဟာလည်း သူတို့လည်း ဒါ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ကျမှာပါပဲ။ ဒီအချက်ကို ကျနော်တို့ အဓိက ထားပြီးတော့ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေ၊ နိုင်ငံတကာမှာရှိတဲ့ လွှတ်တော်တွေ အားလုံးကို ကျနော်တို့ ပန်ကြားမှာဖြစ်ပါတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့တံခါးကို အမြဲတမ်း ဖွင့်ထားပါတယ်။ ဒါပေမယ်လို့ အခု နအဖ က တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ကမ်းလှမ်းချက် အပေါ်မှာ၊ ဖိတ်ခေါ်ချက်အပေါ်မှာ နိုင်ငံတကာကနေပြီးတော့ တွန်းအားပေးတဲ့အပေါ်မှာ လုံး၀ ဂရုစိုက်တာမရှိပါဘူး။ ထိုနည်းတူပဲ နအဖ က ဥပဒေပေါင်းများစွာကို ချိုးဖောက်ခဲ့တယ်။ ပြည်တွင်း ဥပဒေတွေကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုရော ချိုးဖောက်ခဲ့တာ ရှိပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က ညီလာခံမှာ ထူးခြားတဲ့တခုကတော့ ကျနော်တို့ဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ နအဖ ကို အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲဆိုရေးကို ကျနော်တို့ မရောထွေးဘဲနဲ့ သီးသန့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးတံခါးကို ကျနော်တို့ ဖွင့်ထားသလိုပဲ နအဖ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲဆိုသွားတဲ့ ကိစ္စရပ်တွကို ဆောင်ရွက်နေတဲ့ သူတွေကို ကျနော်တို့က အစိုးရတရပ် အနေနဲ့ ဆက်လက် ကူညီပံ့ပိုးဆောင်ရွက်သွားပေးမှာဖြစ်ပါတယ်။”

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တော်မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ညီလာခံမှာ လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ခဲ့ကြပြီး ဒီညီလာခံဖြစ်မြောက်ရေးကို အိုင်ယာလန်အစိုးရက ထောက်ပံ့ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG