သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ကယ်တင်မှု ထိရောက်ရေး သမ္မတ အခိုင်အမာပြော


ကျဆင်းနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကယ်တင်ဖို့ သမ္မတအိုဘားမား က ပထမဆုံးချပေးမယ့် ငွေကြေးပမာဏအပေါ် အမေရိကန်ပြည်သူတွေ တော်တော်များများက ယုံရခက်နေတဲ့ကိစ္စကို သဘောပေါက် နားလည်ပါတယ်လို့ သမ္မတ အိုဘားမားကပြောပါတယ်။ သူပထမဆုံးပြောဆိုတဲ့ အပါတ်စဉ်အင်တာနက်မိန့်ခွန်းကနေ အခုလိုပြောဆိုခဲ့တာဖြစ်ပြီး၊ ဒီလို စီးပွားရေးကျဆင်းမှုကို ကူညီရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းကထွက်ပေါ်လာတဲ့ ရလဒ်တွေကို သူ့ အစိုးရအဖွဲ့က တာဝန်ခံမယ့်အကြောင်းကိုလည်း သမ္မတအိုဘားမားက ပြည်သူတွေကို အခိုင်အမာ ပြောလိုက်ပါတယ်။ ဒီအကြောင်းကို အိမ်ဖြူတော်က ဗွီအိုအေသတင်းထောက် ကန့် ကလိုင်ရန် (Kent Klein) ရဲ့သတင်းကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၈၂၅ ဘီလီယံ ကမ်းလှမ်း အဆိုပြုထားတာကို သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ဖြန်းတီးတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့က အခုဖြစ်နေတဲ့ ပြဿနာတွေကို ပိုက်ဆံတွေ ထည့်ရုံသက်သက်နဲ့ ဖြေရှင်းသွားမှာမဟုတ်ပါဘူး။ အလုပ်ဖြစ်မယ့်နေရာတွေမှာ ကျနော်တို့က ရင်းနှီးမြုပ်နှံမှုတွေ လုပ်သွားမှာပါ။ ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်နေရာတွေမှာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အဆင့်သင့်ဖြစ်တာနဲ့ ကျွမ်းကျင်သူတွေက ပြည်သူလူထုကို အသိပေးသွားမှာဖြစ်တယ်။”

အမေရိကန်အစိုးရရဲ့ သတ်မှတ်တဲ့အသုံးစရိတ်ကို ဆွေးနွေးဖို့အတွက် မစ္စတာ အိုဘားမာဟာ သူရဲ့ စီးပွားရေး အကြံပေး အရာရှိနဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ အခုရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာကို တစုံတရာ ကိုင်တွယ် ဖြေရှင်းတာ မလုပ်ဘူးဆိုရင်၊ အမေရိကန်နိုင်ငံရဲ့အလုပ်လက်မဲ့ဦးရေဟာ ဆယ်ရာခိုင်နှုန်း ကျော်သွားကြောင်း၊ နိုင်ငံရဲ့ စီးပွားရေးပမာဏဟာလည်း ဒေါ်လာ ၁ ထရီလီယံ လောက် ကျဆင်းသွားနိုင်တယ်လို့ မစ္စတာအိုဘားမားက ပြောဆိုလိုက်ပါတယ်။

“ဒီပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အရဲစွန့်ပြီး မလုပ်ဘူးဆိုရင်၊ ရေတိုမှာ အခုဆိုးနေတဲ့ အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးသွားသွားတယ်။ အဲဒါကြောင့် အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးနိုင်ဖို့နဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အမေရိကန် ပြန်လည်နလန်ထူလာရေးနဲ့ ပြန်လည် ရင်နှီးမြုပ်နှံမှု စီမံကိန်းကို ကျနော်အဆိုပြုတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို လွှတ်တော်မှာ ပါတီနှစ်ခုစလုံးက အပြင်းအထန်ကြိုးစားလုပ်ကိုင်နေတယ်လို့ ပြောရတာ ကျနော် ဝမ်းသာမိပါတယ်။ တလအတွင်းမှာ ဥပဒေအဖြစ်ပြဌာန်းဖို့ လက်မှတ်ထိုးပေးနိင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

သမ္မတအိုဘားမားဟာ သူရဲ့ စီးပွားရေးစီမံကိန်းကို လွှတ်တော်က ထောက်ခံအတည်ပြုပေးအောင် ဆွေးနွေးမှုတွေလုပ်ဖို့ အတွက် ဒီမိုကရက်ပါတီ နဲ့ ရီပတ်ဘလစ်ကန်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမေရိကန်လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သမ္မတအိုဘားမာ းသတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလလယ်မတိုင်ခင် ဒီအဆိုပြုတဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ သဘောတူညီမှုကို ရလိမ့်မယ်လို့ ယုံကြည်ကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

အမေရိကန်အောက်လွှွတ်တော် ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် ဂျွန် ဘိုအားနာ (John Boehner) အပါအဝင်၊ ရီပတ်ဘလစ်ကန်ပါတီဝင်တွေက သမ္မတ အိုဘားမား အဆိုပြုတာထက် ပိုပြီးတော့ အခွန်ကောက်တာတွေလျော့ချဖို့နဲ့ အစိုးရ အသုံးစရိတ်တွေကို လျော့ချဖို့ အဆိုပြုတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ သန်းနဲ့ချီပြီး ပိုလုပ်လာအောင် မိသားစုတွေ၊ ကိုယ်ပိုင် စီးပွားရေး လုပ်သူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်တာတွေကိုလျော့ပြီး သူတို့ရှာဖွေလုပ်ကိုင်ရရှိတဲ့ ငွေတွေကို ပိုပြီးခံစားခွင့်ပေးရမှာ ဖြစ်ပါတယ်”

ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အခွန်ပေးနေသူတွေတိုင်းကို အခွန်ကောက်တာတွေ လျော့မှာ ဖြစ်တယ်လို့ မစ္စတာ ဘိုအားနား က ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမာရဲ့ စီမံကိန်းဟာ အနည်းဆုံး အလုပ်အကိုင်သစ် ၃ သန်း ကို ဖန်တီးပေးမှာ ဖြစ်ပြီးတော့၊ အမေရိကန်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လောင်စာသုံးစွဲမှု နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG