တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဇို့ပြည်နယ်မှာ အမျိုးသား တယောက် ကြက်ငှက်တုပ်ကွေး Virus ကူးစက်နေပြီး အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင် ဖျားနာလာပြီး သူ့မှာ H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး Virus ပိုး ကူးစက်နေတယ်လို့ စစ်ဆေးတွေ့ရကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီသူဟာ ကြက်ဘဲတွေနဲ့ ထိတွေ့ မှုရှိသူဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနှစ်အတွင်း တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး Virus ကူးသူ ၆ ယောက်ရှိပြီး ၄ ယောက် သေဆုံးခဲ့ပါတယ်။ နောက်ဆုံး သေဆုံးခဲ့ သူကတော့ အနောက်မြောက်ပိုင်း ရှင်ကျန်း ပြည်နယ်က ၃၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သောကြာနေ့မနက်က သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ နိုင်ငံရဲ့ သီးခြားဒေသတွေမှာဖြစ်ပြီး ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်နိုင်တဲ့ လက္ခဏာ မတွေ့ရပါဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ထားပါတယ်။