သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် ကုလသမဂ္ဂ အတည်ပြု


ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ မကြာခင်မှာ မြန်မာပြည်ကို ပြန်သွားဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ကိုယ်စားလှယ်ကို မြန်မာပြည်ပြန်သွားဖို့ တောင်းဆိုခဲ့တာပါလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ (Marie Okabe) က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရကလည်း ဖိတ်ကြားထားပါတယ်လို့ သူမက ဆိုပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမယ်ဆိုတဲ့ သတင်းတွေ အရင်အပတ်က ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေကိုတော့ ပြောရေးဆိုခွင့်ရှိသူက အတည်မပြုပါဘူး။

အရင်အခေါက်တွေတုန်းက စစ်အစိုးရကို တင်ပြခဲ့တဲ့ ကိစ္စရပ်တွေ တိုးတက်မှုရှိဖို့တော့ လိုအပ်တယ်လို့ မစ္စတာဘန်ကီမွန်း (Mr Ban Ki-moon) က ထင်မြင်ကြောင်း သူမက ပြောပါတယ်။ အတိုက်အခံနဲ့ ရင်ကြားစေ့ရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းခဲ့ရာမှာ တိုးတက်မှုမရှိခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အားမလို အားမရ ဖြစ်နေပါတယ်။

အမေရိကန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ထပ်သွားဖို့ လမ်းခင်းပေးရာ ရောက်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် သူ့ခရီးစဉ်က ကြီးကြီးမားမား ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားကြောင်း ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖမ်းအဆီးတွေနဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင် ၃၀၀ အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာတွေကို ဆွေးနွေးမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။

တချို့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကြောင့် နိုင်ငံတကာဖိအား လျော့သွားပြီး စစ်အစိုးရကို အကျိုးများစေလိမ့်မယ်လို့ ထင်မြင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG