သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား စီးပွားဦးမော့လာရေး လွှတ်တော်မှာ ဆွေးနွေး


အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်နိုးထလာစေရေး အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို ကွန်ဂရက်စ်က အတည်ပြုနိုင်ရေး ထောက်ခံဖို့ လူနည်းစု ရစ်ပတ်ဗလင်ကန် လွှတ်တော်အမတ်တွေကို သမ္မတ ဘရက်ခ် အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ အောက်လွှတ်တော် ရစ်ပတ်ဗလင်ကန်တွေကတော့ အိုဘားမားရဲ့ အဆိုပြုချက်ဟာ အသုံးစရိတ်တွေကို အလဟဿ ဖြုံးတီးပစ်ဖို့ အဆိုပြုထားတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။ ဒါပေမယ့်လည်း အမေရိကန်သမ္မတနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတဲ့အကြောင်းကိုတော့ သူတို့က ထပ်ခါတလဲလဲ ပြောဆိုနေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဒန် ရော်ဘင်ဆင် (Dan Robinson) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမား အဆိုပြုထားတဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို အောက်လွှတ်တော်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ အထက်လွှတ်တော်ကလည်း မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ သမ္မတအိုဘားမားရဲ့ အဆိုပြုချက်ကို ရစ်ပတ်ဗလင်ကန် လွှတ်တော်အမတ်တွေက ကန့်ကွက်နေတဲ့အတွက် ဒီလို ကန့်ကွက်တာတွေ အဆုံးသတ်သွားအောင် အိုဘားမားက ကြိုးစားနေပါတယ်။ အခုအချိန်အထိ အိုဘားမားရဲ့ အဆိုပြုချက်ကို ကွန်ဂရက်စ်က အတည်ပြုနိုင်မယ်၊ မပြုနိုင်သေးဘူးဆိုတာ မသေချာသေးပါဘူး။

အိုဘားမားကတော့ ရစ်ပတ်ဗလင်ကန် ပါတီဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့အချိန် အပြုသဘောဆောင်တဲ့ နှစ်ဖက်အမြင်တွေ အပြန်အလှန် ဖလှယ်ခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ ဒီအဆိုပြုချက်ကို ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုနိုင်မယ်လို့ သူ့အနေနဲ့ အကောင်းဘက်က မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဆီးနိတ် အထက်လွှတ်တော်အတွင်းမှာရှိတဲ့ ရစ်ပတ်ဗလင်ကန်တွေနဲ့ ဆွေးနွေးတာတွေမလုပ်ခင် မစ္စတာအိုဘားမားက ရစ်ပတ်ဗလင်ကန် တော်တော်များများက အသုံးစရိတ် အဆင့်သတ်မှတ်ရေးနဲ့ တိကျတဲ့ စည်းကမ်းချက်တွေ ထည့်သွင်းရေး ကိစ္စတွေကို တင်ပြနေတယ်လို့ ပြောပါတယ်။ ကျိုးကြောင်းခိုင်လုံတယ်လို့ ယူဆရတဲ့ အတွေးအခေါ်အရ ကွဲလွဲချက်တွေရှိပေမယ့် နိုင်ငံရေးအရ မတူတာတွေကို ဘေးဖယ်ထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“ရစ်ပတ်ဗလင်ကန်တွေနဲ့ ကျနော့်အကြားမှာ ကျနော့်ရဲ့ အစီအစဉ်မှာပါတဲ့ အချက်တွေနဲ့ပတ်သက်လို့ အဓိက အတွေးအခေါ်ဆိုင်ရာ ကွဲလွဲချက်တွေ ရှိနေပါတယ်။ သူတို့လက်ခံထားတဲ့ အတွေးအခေါ်ကို ကျနော် လေးစားပါတယ်။ တချို့ကိစ္စတွေမှာတော့ ကျနော်အဆိုပြုထားတဲ့ အစီအစဉ်တွေနဲ့ သူတို့ မရင်းနှီးသေးတာ ဖြစ်နိုင်ပါတယ်။ ရစ်ပတ်ဗလင်ကန်ဘက်က ၁၀၀%၊ ရာနှုန်းပြည့် သဘောတူညီချက်ရဖို့ ကျနော် မမျှော်လင့်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးတွေကို ဘေးဖယ်ပြီး အမေရိကန် ပြည်သူတွေအတွက် စတင်လုပ်ဆောင်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

သမ္မတအိုဘားမားရဲ့ အဆိုပြုချက်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၂၅,၀၀၀ သုံးစွဲမှာဖြစ်ပြီး အဲဒီအထဲက ဒေါ်လာ သန်းပေါင်း ၂၇၅,၀၀၀ ကို အခွန်ဖြတ်တောက်ရေးအတွက် သုံးစွဲမှာဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးရင် ဖေဖော်ဝါရီလလယ်မှာ သမ္မတအိုဘားမား လက်မှတ်ရေးထိုး အတည်ပြုနိုင်အောင် ဒီမိုကရက်ဘက်က မျှော်လင့်ထားပါတယ်။

ဒါပေမယ့်လည်း ရစ်ဗတ်ဗလင်ကန် လွှတ်တော်အမတ်တွေက အိုဘားမားရဲ့ အဆိုပြုချက်ပါ အသုံးစရိတ်နဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။ ပြန်ပြီး ပြင်ဆင်ထားတဲ့ ကွန်ဂရက်စ် အသုံးစရိတ်ရုံး ပြင်ဆင်ချက်အရ ၁၉ လ အတွင်း အမေရိကန် စီးပွားရေးအတွက် တကယ်တမ်းသုံးမယ့် အသုံးစရိတ်ဟာ တင်ပြထားတာရဲ့ ၆၅% သာ ရှိမယ်ဆိုပြီး ရစ်ဗတ်ဗလင်ကန်ဘက်က ဝေဖန်ပါတယ်။

မနေ့က သမ္မတအိုဘားမားနဲ့ လွှတ်တော်အမတ်တွေအကြား ဆွေးနွေးချက်တွေမှာ ဘာမှ ထူးထူးခြားခြား တိုးတက်မှုတော့ မရှိဘူးဆိုပြီး ရစ်ပတ်ဗလင်ကန်တွေဘက်က ရည်ညွှန်းပြောဆိုနေပါတယ်။ ဒါပေမယ့်လည်း အိုဘားမားကတော့ ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ ကောင်းမယ့်အတွေးအခေါ်တွေကို ဆက်ပြီး ကြိုဆိုနေမယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ မနေ့က နာရီအတော်ကြာ အခြေအတင် ဆွေးနွေးပြီးကြတဲ့နောက် ဒီနေ့ ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်မှာ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG