ရိုဟင်ဂျာလူမျိုး ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ပင်လယ်ထဲကို အတင်းအကျပ် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း နိုင်ငံပေါင်း ၅၆ နိုင်ငံ ပါဝင်တဲ့ မူဆလင်နိုင်ငံများအဖွဲ့ချုပ် (OCI) အသင်းကြီးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့နေရပ်ရင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတဲ့အတွက် အခုလို အန္တရာယ်များတဲ့လမ်းကနေ ပြင်ပနိုင်ငံတွေကိုထွက်ဖို့ ကြိုးစားနေရဆဲပဲလို့ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ဒီလို ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ သင့်တော်သလို အရေးယူဆောင်ရွက်ပေးဖို့ မူဆလင်နိုင်ငံများ အဖွဲ့ချုပ်ကြီးက UNHCR ကို တောင်းဆိုလိုက်ပါတယ်။ မူဆလင်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ Ekmeleddin Ihsanoglu က ၁၉၅၁ ခုနှစ်က ကုလသမဂ္ဂ သဘောတူညီချက်အရ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့လည်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က ပင်လယ်ထဲမှာ လူတွေပြည့်သိပ်နေတဲ့ လှေတွေနဲ့ ပြန်လွှတ်လိုက်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ရာနဲ့ချီပြီး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ ဒီနေ့ နိုင်ငံကာသတင်းတွေက တော်တော်လေး ထုတ်လွှင့်လာပါတယ်။ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားတဲ့ပုံတွေ၊ သောင်ပြင်မှာ ကြိုးတုပ်ပြီး လှဲအိပ်ခိုင်းထားတဲ့ ပုံတွေကိုလည်း နိုင်ငံတကာသတင်းတွေမှာ ပြသနေပါတယ်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးဟာ ဒေသတွင်းနိုင်ငံတွေအပေါ် ထိခိုက်လာနေတယ်ဆိုတာကို ၀န်ခံပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တနှစ်ထဲမှာတင် ထိုင်းနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ၂၀,၀၀၀ လောက် တရားမ၀င် ၀င်လာခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရိသူ သာရစ် ချယွန်ဝတ်ထ် (Tharit Charungvat) က ဒီလို ရိုဟင်ဂျာအရေးကို ဒေသတွင်းနိုင်ငံတွေနဲ့ အတူပူးပေါင်းပြီး ဖြေရှင်းဖို့လိုတဲ့အကြောင်း ဒေသတွင်းနိုင်ငံတွေက သံတမန်တွေကို ဖိတ်ခေါ်ပြီး ပြောဆိုခဲ့ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံအရာရှိတွေကို တွေ့ဆုံပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြင်းပြင်းထန်ထန် အရေးယူခဲ့တဲ့အတွက် ထိုင်းစစ်တပ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာကို မစိုးရိမ်တဲ့အကြောင်း၊ ထိုင်းစစ်တပ်အနေနဲ့ ဒီလို ဒုက္ခသည်တွေရဲ့အရေးကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြန်လည်ဖြေရှင်းနိုင်တဲ့ သက်သေအထောက်အထားတွေ ရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ပြန်လည်ဖြေရှင်းတာကိုလည်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံဖို့ရှိပြီး သူတို့ရဲ့ လူ့အခွင့်အရေးကို လေးစားပါတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝက အခုဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနတို့ လက်တွဲဖြေရှင်းနေပြီလို့ ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်က ဒီလိုပြောဆိုပေမယ့်လည်း နောက်ထပ် ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလသမဂ္ဂ အေဂျင်စီတွေက တွေ့ဆုံခွင့်တောင်းတာကိုတော့ ထိုင်းအစိုးရက ခွင့်မပြုသေးပါဘူး။
ပြင်သစ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာလူမျိုးတွေရဲ့ အခွင့်အရေးကို လုပ်ကိုင်နေတဲ့ ပြည်ပရောက် အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးလှအောင်ကတော့ ရိုဟင်ဂျာလူမျိုးတွေဟာ သူတို့နေထိုင်ရာ ဒေသတွေမှာလည်း သေမထူး နေမထူး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“ဒီလူမျိုးတွေဟာ တရွာကနေတရွာ သွားလာခွင့်မရှိတာရယ်၊ ကျန်းမာရေးဆိုင်ရာ ကုသခွင့်မရှိတာရယ်၊ ပညာရေးဆိုင်ရာ အခွင့်အရေး မရှိတာရယ်အပြင် သူတို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်း အားလုံးကို စစ်တပ်က လက်ဝါးကြီးအုပ်ပြီး သူတို့ဆီမှာ ဘာမှ စီးပွားရေး လုပ်စရာကိုင်စရာမရှိအောင် လုပ်လိုက်တယ်။ ဒါ့အပြင် သူတို့ရဲ့လယ်မြေတွေကိုလည်း စစ်တပ်ကသိမ်းပြီးတော့ အဲဒီလယ်မြေပေါ်မှာ ဒီလူတွေကိုပဲပြန်ပြီးတော့ အလုပ်အတင်းအဓမ္မ ခိုင်းစေတယ်။ ဒီတော့ ဒီလူတွေဟာ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ။
“ဒါ့အပြင် အမျိုးမျိုး သူတို့ဆီက ငွေညှစ်တာတို့၊ မတရားစွပ်စွဲပြီး ရဲက ဖမ်းဆီးတာတို့၊ တရားစွဲဆိုတာတို့လည်း သူတို့ အမြဲတမ်းခံနေရတယ်။ ဒါကြောင့် ဒီလူတွေဟာ အဲဒီနယ်မှာ အမိုးဖွင့်ထားတဲ့ထောင်ထဲ သွင်းထားသလိုပဲ သူတို့ ခံနေရတယ်။ ဒီတော့ သူတို့အနေနဲ့ အဲဒီဒေသက ထွက်ပြေးသွားရုံကလွဲလို့ တခြားလမ်းကြောင်း သူတို့မှာမရှိဘူး။ တခါတလေ ကျနော်တို့ ဒီကနေဖုန်းဆက်ပြီး အဲဒီရွာကလူကြီးတွေကို ပြောပြရတယ်။ မသွားကြပါနဲ့၊ ဟိုမှာအခြေအနေ မကောင်းဘူး၊ လူတွေအကုန်လုံး သေကုန်ကြပြီ။ ဆိုတဲ့အခါကြတော့ အဲဒီလူကြီးတွေက ဒီမှာလည်း သေနေကြတာပဲဗျာ၊ မထူးတော့ပါဘူး၊ လမ်းမှာသေတာတောင် ကောင်းသေးတယ်ဆိုပြီးတော့ ထွက်လာတဲ့လူတွေ အများကြီးပဲ။”
ဦးလှအောင် ပြောသွားတာ ဖြစ်ပါတယ်။
အမျိုးသားလူ့အခွင့်အရေး ဒိမိုကရက်တစ်ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲမှာ အမတ် ၄ နေရာ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေရဲ့ အကျပ်အတည်းကို နိုင်ငံတကာက ပိုပြီး အာရုံစူးစိုက်လာအောင်၊ လူတွေပိုပြီး သတိထားမိလာအောင် လုပ်ဆောင်နေတဲ့အကြောင်း ဦးလှအောင်က ပြောသွားပါတယ်။
ဒီလို ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ပြင်ထဲကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်မိတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး ဘေလ် ရမ်းမဲလ် (Bill Rammell) က ဗြိတိန်ပါလီမန်အတွင်း မေးမြန်းချက်ကို တုံ့ပြန်ထားပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နဲ့အတူ ရိုဟင်ဂျာဒုက္ခသည်အရေးကို ဆက်လက်စုံစမ်းသွားဖို့ တိုင်ပင်ညှိနှိုင်းသွားမယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး ဘေလ် ရမ်းမဲလ်က ဆိုပါတယ်။