မြန်မာစစ်အစိုးရဟာ ချင်းလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာနဲ့ နှိပ်စက် ညှဉ်းပန်းတာတွေ အပါအ၀င် ဖိနှိပ်အုပ်ချုပ် နေတယ်လို့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ အိန္ဒိယ နယ်စပ်၊ ချင်းပြည်နယ် အနောက်ပိုင်းမှာ နေထိုင်တဲ့ ချင်းလူမျိုးတွေ အပေါ် နှိပ်စက် ညှဉ်းပန်းတာတွေကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ တစောင်ကို နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်တာပါ။
ချင်းလူမျိုးတွေဟာ တရားလက်လွတ်ဖမ်းဆီးခံရ၊ မြန်မာစစ်သားတွေက ရက်ရက်စက်စက်ရိုက်နှက်တာကိုခံရ၊ စားနပ်ရိက္ခာ ဆုံးရှုံး တာတွေ ကြုံကြရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ဒါ့အပြင် ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ ချင်းလူမျိုး တွေဟာ ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးအရလည်း ဖိနှိပ်ခံကြရတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ချင်းလူမျိုးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးကလည်း ရိုက်နှက်တာ၊ အတင်းအဓမ္မ ငွေတောင်းတာတွေ အပါအ၀င် နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်လေ့ရှိတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ချင်းလူမျိုးတွေကို ကုလသမဂ္ဂက ကူညီ ထောက်ပံ့နိုင်ဖို့အတွက် အိန္ဒိယအရှေ့ပိုင်းနယ်စပ်ဒေသဆီကို ကုလသမဂ္ဂကို ပိုပြီး ၀င်ရောက်ခွင့်ပြုဖို့ လူ့အခွင့်အရေးအဖွဲ့က အိန္ဒိယကို တိုက်တွန်းနေပါတယ်။ ထောင်သောင်းချီတဲ့ ချင်းလူမျိုးတွေဟာ နယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ထွက်ပြေးကြပေမယ့် အတင်းအကျပ်နေရပ်ရင်းပြန်ပို့တာကိုပဲ ခံကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။