ထိုင်းနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဒီသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေဟာ စီးပွားရေးအရ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ဖြစ်ကြတာကြောင့် နိုင်ငံကနေ ထွက်ခွာ သွားရမယ်လို့ ထိုင်းတရားရုံး တခုက ဆုံးဖြတ်လိုက်ပါတယ်။
ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမူစလင် ၇၈ ယောက်ကို နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ အမေရိကန်ဒေါ်လာ ၃၀ နီးပါးစီ ဒဏ်ငွေရိုက်ပါတယ်။ ဒဏ်ငွေမဆောင်နိုင်ကြတာကြောင့် ထောင်ဒဏ် ငါးရက်စီ ကျခံကြရမှာဖြစ်ပါတယ်။ အသက် မပြည့်သေးသူ ၁၂ ယောက်အပါအ၀င် လူ ၇၈ ယောက်ကို အင်္ဂါနေ့အစောပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။
နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဘယ်သူ့ကိုမဆို အတင်းအကျပ် နေရပ်ပြန်ပို့တာကို ပိတ်ပင်တားမြစ်ထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးထားတယ်လို့ ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Kitty McKinsey ကပြောပါတယ်။
ဒါပေမယ့် ကောင်းတဲ့လက္ခဏာတခုကတော့ ဒုက္ခသည် ၇၈ ယောက်ကိစ္စကို ထိုင်းစစ်ဘက်ကမကိုင်တွယ်ဘဲ ရဲနဲ့တရားရုံးတို့က ကိုင်တွယ်လုပ်ဆောင်တဲ့အချက်ဖြစ်တယ်လို့ McKinsey ကပြောပါတယ်။ ထိုင်းစစ်ဘက်ဟာ ဖမ်းဆီးထားသူတွေကို ကြမ်းကြမ်း တမ်းတမ်း ပြုမူခဲ့တယ်လို့ သံသယဖြစ်ခံနေရပါတယ်။