ဇန်န၀ါရီ ၂၁၊ ၂၀၀၈။ ကိုယ်ဝန်ဆောင်စဉ် ရောဂါဝေဒနာတွေကြောင့် နေစဉ်လိုလို ကမ္ဘာအ၀န်း အမျိုးသမီး ၁၅၀၀မှာ မီးဖွားပြီးစ ကလေးငယ် သေဆုံးမှုတွေ ဖြစ်ကြရပါတယ်။ နှစ်စဉ်လိုလို ကမ္ဘာပေါ်က အမျိုးသမီး ၅သိန်းကျော်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဖြစ်ဖြစ် မီးဖွားစဉ်မှာဖြစ်ဖြစ် သေဆုံးကြရတယ်လို့ ဇန်န၀ါရီလဆန်းပိုင်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တကယ်တမ်းတော့ သာမန်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုရှိရင်ကို ဒီလို သေဆုံးမှုအဖြစ်အပျက်တွေကို တားဆီးလို့ရနိုင်တယ်လို့ ကမ္ဘာကလေးသူငယ်များအခြေအနေဆိုတဲ့ အဲဒီ အစီရင်ခံစာမှာရေးသားထားပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ပတ်သက်လို့ မိခင်နဲ့ ကလေးငယ်တွေ အခုလို ထိခိုက်မှုတွေကို အာရှနဲ့ အာဖရိကတိုက် နိုင်ငံတွေမှာ အများဆုံး တွေ့ရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ မြန်မာနိုင်ငံမှာတော့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံဆရာဝန်များအသင်းတို့လို ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေကနေ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံဆရာဝန်များအသင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာမြင့်ဇော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။