မြန်မာပြည်မှာ ကုန်ခဲ့တဲ့ နှစ်အတွင်း စပါးထွက်အား မျှော်လင့်ထားတာထက် ပိုပြီးကောင်းပေမယ့် နိုင်ငံတွင်း ဒေသတချို့မှာ ဆန်ပြတ်လပ်မှုနဲ့ အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ အေဂျင်စီ တခုဖြစ်တဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ဆိုလိုက်ပါတယ်။ FAO ရဲ့ အစီရင်ခံစာ တခုက မြန်မာ ၅ သန်းဟာ ငတ်မွတ်မှု အဆင့်အောက်မှာ ရောက်ရှိနေထိုင်နေကြရတယ်။ မနှစ်က နာဂစ် ဆိုင်ကလုံး လေပြင်း မုန်တိုင်းခံထားရတဲ့ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စားနပ်ရိက္ခာ ထောက်ပံ့မှု လိုအပ်နေသေးတယ် စသဖြင့် ဖော်ပြထားပါတယ်။
မနှစ်က မြန်မာပြည်ကို ဆိုင်ကလုံး လေပြင်းမုန်တိုင်း တိုက်ခတ်သွားစဉ် မြန်မာပြည်မှာ စားနပ်ရိက္ခာ ပြတ်တောက်မှုနဲ့ အကြီးအကျယ် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။ FAO ကတော့ မြန်မာပြည်ရဲ့ တခြား အရပ်ဒေသတွေမှာ ဆန်အထွက်တိုးလို့ အဲဒီ ပြတ်လပ်မှုကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ အဲဒီအချိန်က ဆိုခဲ့ပါတယ်။