သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ


ထိုင်းနိုင်ငံကို တရားမဝင် ရေလမ်းကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကဲခတ် စုံစမ်းဖို့အတွက် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ထိုင်းအစိုးရက ပထမဆုံးအကြိမ်အဖြစ်နဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒီကနေ့ပဲ UNHCR က တာဝန်ရှိသူတွေ ဒုက္ခသည်တချို့ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကိုတော့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနောက်တောင်ဘက်က အန်ဒမန်ပင်လယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းဆီးမိပြီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၇၈ ယောက်ထဲက တချို့ကို ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံခဲ့တာပါ။ ဒီကနေ့မှာပဲ ပထမဆုံး အသုတ်အဖြစ်နဲ့ ငယ်ရွယ်သူတချို့ကို မေးမြန်းစုံစမ်းတာတွေ လုပ်ခွင့်ရခဲ့တယ်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရအမျိုးသမီး ကစ်တီ မက္ကင်းဇီး (Kitty McKensey) က ပြောပါတယ်။

“ကျမတို့ အခုပဲ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား လူငယ် ၁၂ ယောက်ကို မေးမြန်းစုံစမ်းတာတွေလုပ်ပြီး ပြန်လာတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ညတုန်းက ထိုင်းရေတပ်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာ ၇၈ ယောက်ကို တွေ့ဆုံစကားပြောဆိုခွင့် တောင်းခံထားတာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရနေပါတယ်။ ကျန်တဲ့လူတွေကိုလည်း ဒီလိုပဲ တွေ့ဆုံနိုင်အောင်လို့ အသေးစိတ် အချက်အလက်တွေကို ဆက်ပြီးဆောင်ရွက်နေပါတယ်။”

အစောပိုင်းမှာတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ်က အနိုင့်အထက် ပြုမူဆက်ဆံတာတွေ ရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး စိုးရိမ်ပူပန်သံတွေနဲ့အတူ UNHCR က ဒီလူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာပါ။ အခုနောက်ဆုံး ရိုဟင်ဂျာတချို့နဲ့ တွေ့ဆုံခွင့်ရတယ်ဆိုပေမယ့် အားလုံးနဲ့တွေ့ဆုံပြီး အချက်အလက်တွေ ရယူခွင့် ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်းအစိုးရ အနေနဲ့ကတော့ ပိတ်ပင်တားဆီးစရာ မရှိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးနဲ့ UNHCR ရဲ့ တောင်အာရှရေးရာ တာဝန်ခံ မစ္စတာ ရေမွန် ဟောလ် (Mr Raymond Hall) တို့နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီမနက်ပိုင်းမှာပဲ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးက UNHCR ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တာပါ။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ပြောတာကတော့ ဒီလို သွားရောက်လေ့လာ အကဲခတ်ဖို့ UNHCR ကို ခွင့်မပြုနိုင်စရာ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေ၊ ဘယ်လိုလုပ်ကိုင်သွားမယ် ဆိုတာမျိုးတွေကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလုပ်ကိုင်သွားရမှာပါ။”

တကယ်တော့ ထိုင်းအစိုးရက ဒီလူတွေဟာ စီးပွာရေးအခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ထွက်ပြေးလာသူတွေ မဟုတ်ကြတဲ့အတွက် ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဒုက္ခသည်တွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီတပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။ အခုဆိုရင်လည်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ တရားရုံးတင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရိုဟင်ဂျာတွေအပေါ် UNHCR ကရော ဘယ်လိုသဘောထားမှာပါလဲ။

“လတ်တလောမှာတော့ ဘာမှ သုံးသပ် ဆုံးဖြတ်ချက် မချသေးပါဘူး။ အချက်အလက်ရှာဖွေတဲ့ ခရီးစဉ်ပဲ ရှိပါတယ်။ လတ်တလောမှာတော့ သူတို့အခြေအနေ ဘယ်လိုရှိတယ်၊ သူတို့ဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်၊ ဘယ်ကလာကြတယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောဆိုတာတွေပဲ ရှိပါသေးတယ်။ ဒီက စုံစမ်းတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ကတော့ သတင်းမီဒီယာတွေကို မပြောခင်မှာ ထိုင်းအစိုးရနဲ့ ပြန်ပြီး ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ အခုတပတ်အတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသံရုံးတာဝန်ခံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့တာပါ။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းသွားနိုင်ဖို့ အတွက်ကိုလည်း ဒီ ၆ နိုင်ငံ ပါဝင်မယ့် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပဖို့ ထိုင်းအစိုးရဘက်က အဆိုပြုခဲ့ပြီး ဒါကိုလည်း ကျန်နိုင်ငံတွေက ကြိုဆိုခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုနေတာမျိုးတွေ ရှိမရှိ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ကစ်တီ မက္ကင်းဇီးကို မေးကြည့်ပါတယ်။

“ကျမတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးရှိပါတယ်။ အစိုးရနဲ့လည်း အကြောင်းအရာ အတော်များများနဲ့ ပတ်သက်လို့ အစဉ်အမြဲဆိုသလို ပြောဆိုနေတာတွေ ရှိပါတယ်။”

UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ကစ်တီ မက္ကင်းဇီး ပြောပြသွားတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရကတော့ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့နှစ်တွေကစလို့ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းချေ ၂၀,၀၀၀ လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းသွားဖို့နဲ့ စနစ်တကျ ကိုင်တွယ်သွားဖို့အတွက် သုံးစွဲစရာ ငွေကြေးလည်း လိုအပ်လိမ့်မယ်ဆိုပြီး ဒီကနေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG