သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် လှေစီး ရိုဟင်ဂျာတွေထဲ မြန်မာ နိုင်ငံကလာသူတွေပါဝင်


ထိုင်းနိုင်ငံကို လှေစီးပြီးရောက်လာလို့ ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေ မဟုတ်ကြသလို၊ ထိုင်းအစိုးရ ကိုယ်တိုင်ကလည်း ဒီလူတွေဟာ မြန်မာနိုင်ငံကပါလို့ ပြောမထားဘူးလို့ မြန်မာစစ်အစိုးရက ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လို့ မကြာသေးခင်ကပဲ ဒီရိုဟင်ဂျာတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ သူတို့တွေ့ခဲ့တဲ့ သူတွေဟာ မြန်မာနိုင်ငံ က လာကြသူတွေ ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုအောင်လွင်ဦး က စုံစမ်းထားသမျှ တင်ပြထားပါတယ်။

မကြာသေးခင်ကပဲ ပင်လယ်ပြင်မှာ ထိုင်းရေတပ်က ဖမ်းဆီးမိပြီး ထိန်းသိမ်းခံထားရတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်ထဲမှာ မပါဝင်ဘူး၊ နောက်ပြီး မနေ့တုန်းကပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ တွေ့ဆုံအပြီး ထုတ်ပြန်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ကြေညာချက်မှာလည်း မြန်မာနိုင်ငံကပါလို့ ဖော်ပြတာမျိုး မရှိဘူးဆိုပြီး မြန်မာစစ်အစိုးရက ပြောဆိုလိုက်တာပါ။ ဒါဟာ ဆိုရင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာပါ ဟိုလေးတကျော်ဖြစ်နေတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အရေးကို မြန်မာစစ်အစိုးရပိုင် သတင်းတွေမှာ ပထမဆုံး ဖော်ပြလိုက်တာပါ။ ဒီလို မြန်မာစစ်အစိုးရက သူတို့နဲ့ မဆိုင်သလို ဖော်ပြနေပေမယ့်လည်း မနေ့တုန်းကပဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ တချို့နဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တဲ့ UNHCR ရုံးကတော့ သူတို့တွေ့ခဲ့သူတွေဟာ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်ကလာကြသူတွေ ဖြစ်တဲ့အကြောင်း ပြောခွင့်ရအမျိုးသမီး Kitty McKensey က ပြောပါတယ်။

“ဆယ်ကျော်သက်ရွယ် ၁၂ ယောက်ကို မေးမြန်းစုံစမ်းတာတွေ လုပ်ခဲ့ပါတယ်။ ကျမတို့ သွားခဲ့တဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကလည်း သူတို့တွေ ဘယ်ကလာကြတယ်ဆိုတာ အပါအဝင် အချက်အလက်စုဆောင်းဖို့ သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်မြောက်ဖက်က ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံ အနောက်တောင်ဖက်က အန်ဒမန် ပင်လယ်ထဲမှာ ထိုင်းရေတပ်က အခုတပတ် တနင်္လာနေ့ တုန်းကပဲ ဖမ်းဆီးမိပြီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၇၈ ယောက် ထဲက ၁၂ ယောက် ကို UNHCR တာဝန်ရှိသူတွေက သွားရောက် တွေ့ဆုံခဲ့တာပါ။ အစောပိုင်းမှာတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ်က အနိုင့်အထက် ပြုမူဆက်ဆံတာတွေ ရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး စိုးရိမ်ပူပမ်သံတွေနဲ့အတူ UNHCR က ဒီလူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာပါ။ ဒီအတောအတွင်းမှာပဲ တနင်္လာနေ့တုန်းက နောက်ဆုံးအသုတ်အဖြစ်နဲ့ ဖမ်းဆီးမိခဲ့သူတွေဟာတော့ မြန်မာစစ်တပ်ရဲ့ ရိုက်နှက်ညှင်းပမ်းတာတွေကို ခံခဲ့ရသူတွေ ဖြစ်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောခဲ့တာပါ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကတော့ မနေ့တုန်းက သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန် ပြောခဲ့တဲ့ နေရာမှာတော့ -

“ထိုင်းအစိုးရဟာ အခုအချိန်မှာ ပွင့်လင်း မြင်သာတဲ့ အစိုးရဖြစ်ပြီး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ တတ်နိုင်သမျှ ဖြေရှင်းသွားမှာ ဖြစ်တယ်” - လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ က ပြောခဲ့ပါတယ်။ လတ်တလော UNHCR အနေနဲ့ ကတော့ နောက်ထပ် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံနိုင်တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့်လို့ ထိုင်းအစိုးရနဲ့ ပူပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

“ကျမတို့ အခု သူတို့ အခြေအနေနဲ့ ပတ်သက်လို့ အချက်အလက်တွေ သူတို့ပြောပြတဲ့ ဇာတ်လမ်းတွေကို စုဆောင်းနေပါတယ်။ အချက်အလက် အသေးစိတ်တွေကိုတော့ ထိုင်းအစိုးရကိုလည်း အသိပေးသွားမှာပါ။ ထိုင်းအစိုးရကို လေးစားသမှု ပြုတဲ့ အနေနဲ့တော့ ဒီခရီးစဉ်က ရလာတဲ့ အချက်အလက် အသေးစိတ်တွေကိုတော့ ထုတ်ဖော် ပြောဆိုသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ဖြစ်နိုင်မယ့်နည်းလမ်း တွေအတွက် ထိုင်းအစိုးရနဲ့ ရှေ့မှာလည်း ဆက်ပြီးဆွေးနွေး ပြောဆိုသွားမှာဖြစ်ပါတယ်။”

တကယ်တော့ ထိုင်းအစိုးရက ဒီလူတွေဟာ စီးပွာရေး အခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ထွက်ပြေးလာသူတွေ မဟုတ်ကြတဲ့အတွက် ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည် ဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဒုက္ခသည်တွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီတပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။ အခုဆိုရင်လည်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ တရားရုံးတင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လို့ အခုအချိန်အထိတော့ ဖမ်းဆီးထားသူတွေကို ထိုင်းနိုင်ငံကနေ မောင်းနှင်ထုတ်ပစ်တာမျိုး အခုအချိန်အထိတော့ မရှိသေးဘူးလို့လည်း UNHCR ပြောခွင့်ရအမျိုးသမီး Kitty McKensey က ပြောပါတယ်။

ထိုင်းအစိုးရကတော့ ရိုဟင်ဂျာ ပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာ ဆိုရင် ပြီးခဲ့တဲ့ နှစ်တွေကစလို့ တရားမဝင် ဝင်ရောက် လာတဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းချေ ၂ သောင်း လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းသွားဖို့နဲ့ စနစ်တကျ ကိုင်တွယ်သွားဖို့ အတွက် သုံးစွဲစရာ ငွေကြေးလည်း လိုအပ်လိမ့်မယ် ဆိုပြီး ဒီကနေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG