ထောင်နဲ့သောင်းနဲ့ချီတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး အင်အားစုတွေဟာ ဘန်ကောက်မြို့တော်မှာ ရှိတဲ့ အစိုးရအဖွဲ့ ရုံးတွေဆီ ကို မနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဘန်ကောက်မြို့  လည်ခေါင်က ဆနမ်းလွမ် ဆိုတဲ့ပန်းခြံမှာ ဆန္ဒပြသူ ၃၀,၀၀၀ လောက်စုဝေးကြပြီး အစိုးရအဖွဲ့ရုံးတွေဆီကို ချီတက်ခဲ့ကြတာပါ။ ဒီလူတွေဟာ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝဒ် ကို ထောက်ခံကြတဲ့သူတွေဖြစ်ပြီး လွှတ်တော်ကို ဖျက်သိမ်းပေးဖို့၊ ပြီးခဲ့တဲ့နှစ်တုန်းက ဆန္ဒပြပွဲတွေမှာ တာဝန် ရှိတဲ့သူတွေကို အပစ်ပေးအရေးယူပေးဖို့နဲ့ လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ပ်ချာချီဝ ရာထူးကဆင်းပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်ကိုလည်း ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေမှာ
ဝန်ကြီးချုပ်ဟောင်း တက်ဆင် ကို ထောက်ခံသူတွေကို အားပေးခဲ့သူဖြစ်လို့ ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ထိုင်းအာဏာပိုင် တွေကတော့ ၀န်ကြီးချုပ် အဆောက်အဦ၀င်းကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ၀င်မစီး နိုင်အောင် ကြိုတင်ကာကွယ်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
လုံခြုံရေး ရဲအင်အား ၅,၀၀၀ ကျော်ကိုလည်း မနေ့ကချထားပြီး လိုအပ်ရင်ကူညီဖို့ စစ်တပ်အင်အားတချို့ ကိုလည်း အသင့်အနေအထားမှာ ပြင်ထားခဲ့ပါတယ်။ ထိုင်း
ဝန်ကြီးချုပ် ၀ပ်ချာချီဝ ကတော့ လောလောဆယ် ထိုင်းနိုင်ငံမှာ မရှိပါဘူး။ ဆွစ်ဇာလန်နိုင်ငံ ဒဲဗိုစ်မြို့ က ကမ္ဘာ့စီးပွားရေး ညီလာခံ တက်နေပါတယ်။ သူ့အတွက် စိုးရိမ်မှုမရှိပါဘူးလို့ ထိုင်း အာဏာပိုင်တွေက ပြောကြပါတယ်။