သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခုနှစ်ကြိမ်မြောက် မြန်မာပြည်ရောက် မစ္စတာဂမ်ဘာရီ


မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ ၄ ရက်ကြာ ခရီးစဉ်အတွက် မြန်မာနိုင်ငံ ရောက်ရှိနေပါတယ်။

မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်မြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့လည်း မစ္စတာ ဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရုံး သတင်းနဲ့ပြန်ကြားရေး အရာရှိက ဗွီအိုအေ ကို ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို ပြန်ပြီးဆက်နိုင်ဖို့ စစ်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးသွားခဲ့စဉ်က အဆိုပြုခဲ့တဲ့ အချက်တွေအားလုံးကို သူ့ခရီးစဉ်အတွင်း ဆွေးနွေးနိုင်ဖို့ကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က မျှော်လင့်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ နောက်ဆုံးသွားခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ သူ့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေမှာ ထင်သာမြင်သာတဲ့ရလာဒ်တွေ မရခဲ့လို့ စိတ်ပျက်တယ်လို့ အဲဒီခရီးစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

အခုတခေါက်ခရီးစဉ်အတွင်းမှာလည်း မစ္စတာ ဂမ်ဘာရီ အနေနဲ့ စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရ-မရဆိုတာကတော့ ခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့တခေါက် မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အတွေ့မခံခဲ့ပါဘူး။ အဲန်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ အဖွဲ့ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံညှိနှိုင်းမှုရှိမှ သူ့ခရီးစဉ်က အောင်မြင်မှုရမယ်လို့ ဗွီအိုအေ ကို ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG