သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဥပဒေကြမ်း ပြင်ဆင်ပေးဘို့ ရီပတ်ဗလစ်ကန် အမတ်တွေ တောင်းဆို


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို အောက်လွှတ်တော်က ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ မဲပေး အတည်ပြုခဲ့ပေမယ့် ရီပတ်ဗလစ်ကန် ပါတီဝင်တွေက ထောက်ခံမဲ မပေးခဲ့ကြပါဘူး။ ရီပတ်ဗလစ်ကန် နဲ့ ဒီမိုကရက်အကြား သဘောတူညီချက် ရအောင် မလုပ်နိုင်ဘူးဆိုရင် အထက်လွှတ်တော်ကို တင်ပြတဲ့အခါ အလားတူ ကန့်ကွက်တာ၊ အသေးစိတ် စီစစ်တာတွေ ကြုံရနိုင်တယ်လို့ ရီပတ်ဗလစ်ကန်တွေက သတိပေးနေပါတယ်။ VOA သတင်းထောက် Julia Ritchey သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပါလိမ့်မယ်။

အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို ထောက်ခံ မဲပေးမှာ မဟုတ်ဘူးဆိုပြီး အထက်လွှတ်တော် ရီပတ်ဗလစ်ကန် အမတ်တွေ ပြောနေကြတာပါ။ ဒီ စီးပွားရေး အစီအစဉ်၊ ဥပဒေကြမ်းက သမ္မတ အိုဘားမားအနေနဲ့ အမေရိကန် စီးပွားရေးကို ပြန်ပြီး နိုးထလအောင်၊ အလုပ်အကိုင် သုံးသန်းလောက် ဖန်တီးပေးနိုင်ဘို့ ဥပဒေကြောင်းအရ အခရာကျတဲ့ မူကြမ်းဖြစ်ပါတယ်။

အခုလို သဘောတူညီချက် မရသေးတဲ့အတွက် ဒီသတင်းပတ်အတွင်း အထက်လွှတ်တော်မှာ ဒီ စီးပွားရေး ပြန်လည် နိုးထမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဆွေးနွေးကြပါလိမ့်မယ်။ ရီပတ်ဗလစ်ကန် အများစုကလည်း ဒီ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဘို့ တောင်းဆိုနေပါတယ်။

တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ရီပတ်ဗလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် Jim DeMint က ABC ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒီ ဥပဒေကြမ်းက ငွေပမာဏအရရော၊ နယ်ပယ်အရရော လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

ဒီ အစီအစဉ်က ငွေသုံးစွဲဘို့ လုပ်ထားတဲ့ အစီအစဉ်သက်သက်ပါ။ စီးပွားရေး ပြန်လည် နိုးထအောင် ဆောင်ရွက်မယ့် အစီအစဉ် မဟုတ်ပါဘူး။ ဒါက ယာယီအတွက်ပဲဖြစ်ပြီး သက်သက်မဲ့ ဖြုန်းတီးသလို ဖြစ်နေပါတယ်။ ကျနော်တို့က လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး ဖြစ်ဘို့အတွက်ကို ရှိတဲ့ ငွေကို အဲဒီမှာပဲ ထားမလား၊ ဒါမှမဟုတ် အစိုးရက ထိမ်းချုပ်တဲ့ စီးပွားရေး ဖြစ်လာအောင် အခု အဆိုပြုထားတဲ့ အစီအစဉ်နဲ့ ရှေ့ဆက်ပြီး လုပ်မလား။ ဆုံးဖြတ်ရပါလိမ့်မယ်။

ရီပတ်ဗလစ်ကန် ပါတီဝင်တွေက သူတို့အနေနဲ့ ပိုပြီး အခွန်တွေ ဖြတ်တောက်တာကို လိုလားတယ်လို့ပြောပါတယ်။ လက်ရှိ အိုဘားမားရဲ့ အဆိုပြုချက်မှာ အခွန်လျော့ချရေးက သုံးပုံတပုံပါဝင်ပါတယ်။ ရီပတ်ဗလစ်ကန် ဘက်က ဒီထက်ပိုအခွန် လျော့ချပြီး အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရေးမှာ ငွေပိုပြီး သုံးချင်နေကြပါတယ်။

ဒီမိုကရက် ဘက်ကတော့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ရီပတ်ဗလစ်ကန် ဘက်က ထောက်ခံလာအောင် အောက်လွှတ်တော်မှာ ပြင်ဆင်ခဲ့တာတွေထက် နောက်ထပ် နည်းနည်း ထပ်ပြီး ပြင်ဆင်တာတွေ လုပ်မယ်လို့ ပြောနေဆဲဖြစ်ပါတယ်။

အခုလို သမ္မတ အိုဘားမားရဲ့ အဆိုပြုချက်ကို လက်မခံသေးပေမယ့် အမေရိကန်စီးပွားရေး နှောင့်နှေးနေတဲ့အခြေအနေကို ဒီမိုကရက်တွေနဲ့ လက်တွဲဆောင်ရွက်ဘို့ကိုတော့ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေ အခိုင်အမာ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG