သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အကြီးအကဲနဲ့ မတွေ့နိုင်ဘဲ ဂမ်ဘာရီ ပြန်ရပြီ


မြန်မာ့နိုင်ငံရေးအတွက် ကြားဝင်ဖျန်ဖြေပေးဖို့ မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ရဲ့ခရီးစဉ် အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့်လို့ မစ္စတာဂမ်ဘာရီအနေနဲ့ တွေ့ဖို့သင့်တဲ့သူတွေနဲ့ မတွေ့ဖြစ်ဘဲ အခုလို ခရီးစဉ် အဆုံးသတ်သွားတာကြောင့်လည်း အားမလိုအားမရ ဖြစ်တာတွေလည်း ရှိနေတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ် နောက်ဆုံးနေ့အဖြစ်နဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ၊ အစိုးရကို လိုလားသူတွေ ပါဝင်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ အစောပိုင်းက မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရအာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အထူးကိုယ်စားလှယ်ဟာ ရန်ကုန်မြို့မှာပဲ နိုင်ငံရေးအသိုင်းအဝိုင်းက လူတချို့၊ နောက် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ပါ တွေ့ဆုံခဲ့တာလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးအေးဝင်းက ပြောပါတယ်။

“၈၈ မျိုးဆက်ကျောင်းသား (မြန်မာနိုင်ငံ) နဲ့တွေ့တယ်၊ ဝံသာနုအန်န်အယ်လ်ဒီ အဖွဲ့တွေနဲ့လည်း တွေ့တယ်။ နောက် ၁၉၉၀ မှာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ တချို့ပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်၊ နောက်တခါ ခေတ်သစ်ဘောဂဗေဒ လေ့လာရေးအဖွဲ့ဆိုတာနဲ့ တွေ့တယ်။ အခု ဝန်ကြီးချုပ်နဲ့ တွေ့နေပါတယ်။ တွေ့ဆုံတာအကုန် ရန်ကုန်မှာပါပဲ။ ဒီနေ့ ခရီးစဉ် ပြီးဆုံးပါပြီ။ အခု မကြာခင် လေယာဉ်ပျံကွင်း ဆင်းတော့မှာပါ။”

မနေ့တုန်းကတော့ ပြီးခဲ့တဲ့နှစ် မေလထဲတုန်းက နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသကိုလည်း သွားရောက်ခဲ့တာပါ။ ဒါပေမယ့်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့လာတဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သူ့ရဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း အခုလို တခြားကိစ္စရပ်တွေကို သွားရောက်နေတာ၊ အစိုးရလိုလားသူတွေကို တွေ့ဆုံနေတာတွေကြောင့် ဒီမိုကရေစီရေး အင်အားစုတွေဘက်ကနေ အားမလိုအားမရ ဖြစ်နေကြပါတယ်။

အခုနောက်ဆုံးဆိုရင်လည်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မတွေ့ဖြစ်ဘဲ ပြန်သွားရတဲ့ ခရီးစဉ်အပေါ် အန်န်အယ်လ်ဒီပါတီကတော့ အားမရနိုင်ပဲ ဖြစ်နေရတာပါ။

“ကျနော်တို့ အခုထိ သိသလောက်တော့ နေပြည်တော်သွားမယ်ဆိုတာပဲ သိတယ်။ မသွားဖြစ်ဘူး၊ တကယ့်အဆုံးအဖြတ်ပေးမယ့် Decision Maker နဲ့ မတွေ့ရဘူးဆိုရင် လုပ်ငန်းတိုးတက်ဖို့ အလွန်ခဲယဉ်းတယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ ဒါ ဟိုအရင်အခေါက်တွေကတည်းက ပြောနေတာ။ ကုလသမဂ္ဂဝန်ထမ်း ဖြစ်ရုံနဲ့ ဒီဟာတွေနဲ့ သူနဲ့ဆိုင်တယ်လို့ ပြောလို့မရဘူး။ သူ့ခရီးစဉ် လာတာကိုက မစ္စတာဘန်ကီမွန်းရဲ့ Assistant အနေနဲ့ မစ္စတာဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြေလည်အောင် နည်းလမ်းတွေရှာဖို့။ ဒီ နာဂစ်နဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။

“အဲဒီလိုဟာတွေ ဆောင်ရွက်တာကို ကျနော် အပြစ်ပြောတာမဟုတ်ဘူး။ အဲဒီလို ဆောင်ရွက်တဲ့အတွက် တကယ့် အဓိကဟာမှာ အချိန်တွေနည်းသွားတယ်လို့ ကျနော် မြင်ပါတယ်။ သူလုပ်ရမယ့်အလုပ်ကို အပြည့်အ၀ မလုပ်နိုင်ဘူးလို့ ကျနော်တို့ မြင်လာရတယ်။ သို့သော်လည်း ကျနော် ဒီဥစ္စာ မစ္စတာဂမ်ဘာရီကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သူက ကုလသမဂ္ဂကပဲ။ တဖက်အဖွဲ့အစည်းတွေရဲ့ စီစဉ်မှုကလည်း ရှိသေးတာကိုး။ အဲတော့ ဒီစီစဉ်မှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ ဘယ်လိုနားလည်မှုယူတယ်၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ သို့သော် တကယ်လုပ်ရမယ့် နိုင်ငံရေးပြေလည်မှုအတွက် အချိန်တွေ အများကြီးနည်းသွားတယ်လို့ အဲလိုပဲ ခံစားရပါတယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုပဲ အထူးကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံသင့်သူတွေ၊ အဆုံးအဖြတ် ပေးနိုင်သူတွေကို မတွေ့နိုင်ဘဲ ဖြစ်ခဲ့ရလို့ အောင်မြင်မှုရှိတဲ့ ခရီးစဉ်တခုအဖြစ် မယူဆသူကတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင် ဖြစ်ပါတယ်။

“ကျနော့်အမြင် ပြောရရင်တော့ အခုတခေါက်လည်းပဲ အောင်မြင်တယ်လို့ ကျနော်တို့က သုံးသပ်လို့မရဘူး။ အထူးသဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေဘက်ကတော့ ဒါတွေကို လက်ခံဖို့၊ ဒါတွေအပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြီးပြီ၊ ပြောပြီးပြီ။

“အဓိကတာဝန်ကတော့ အခု နိုင်ငံတော်ရဲ့အာဏာကို ယူထားတဲ့ တပ်မတော်ခေါင်းဆောင်များ၊ အထူးသဖြင့် နအဖ အာဏာပိုင်များဘက်မှာကတော့ ပြောင်းလဲဖို့၊ ပြုပြင်ဖို့ လိုနေတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့၊ တာဝန်ရှိတဲ့ အကြီးအကဲ၊ တာဝန်ယူ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ မတွေ့ရဘူးဆိုတာကတော့ ဒါ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကုလသမဂ္ဂကလာတဲ့ ကိုယ်စားလှယ်အနေနဲ့ အဓိက တွေ့ဆုံရမယ့်ပုဂ္ဂိုလ်နဲ့ မတွေ့ရဘဲနဲ့၊ သူ့ရဲ့သဘောထားကို မသိရဘဲနဲ့ ပြန်တယ်ဆိုရင်တော့ အခုလာတဲ့အခေါက်ကလည်း အောင်မြင်တယ်လို့ ကျနော့်အနေနဲ့ မမြင်ပါဘူး။”

ရခိုင်အမျိုးသား တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင် ပြောပြသွားတာ ဖြစ်ပါတယ်။

မနေ့တုန်းကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊ နောက် တိုင်းရင်းသား ပါတီကြီးတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တာပါ။ အတိုက်အခံ ဒီမိုကရေစီရေး လိုလားသူတွေဘက်ကတော့ ဒီလိုတွေ့ဆုံစဉ်မှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင်ရှိမယ့် အခြေအနေမျိုး မြန်မာနိုင်ငံမှာ လိုအပ်နေဆဲဆိုတာတွေကို အထူးကိုယ်စားလှယ်ကို ပြောခဲ့ကြတာပါ။ ဒီလိုအခြေအနေမျိုးတွေ မရှိဘဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် မြန်မာနိုင်ငံကို လာဖို့ဆိုတာဟာလည်း မသင့်တော်ဘူးဆိုပြီး တိုက်တွန်းထားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG