သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော


မြန်မာနိုင်ငံက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေး ကြားဝင်စေ့စပ်ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ သူ့ရဲ့ဆောင်ရွက်မှု မအောင်မမြင် ဖြစ်ခဲ့ပြန်ပြီး ဒီတကြိမ်လည်း လက်ဗလာနဲ့ မြန်မာနိုင်ငံက မနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ရန်ကုန်ကနေ စင်ကာပူကို မနေ့ညနေက မထွက်ခွာခင် မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကို တွေ့ချင်ရင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး စစ်အစိုးရ ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာတွေကိုလည်း ပယ်ဖျက်ပေးဖို့လိုတယ်လို့ မစ္စတာဂမ်ဘာရီကို ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားတဲ့အကြောင်း မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာ ဖတ်ကြားသွားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ခံရရေးဟာ အနာဂတ် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လိုအပ်ချက် ဖြစ်နေဆဲပဲလို့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။

၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီဟာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ နေပြည်တော်ကိုလာရောက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တခြား စစ်ကောင်စီဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG