သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှုဖယ်ရှားဖို့ စစ်အစိုးရတောင်းဆို


မြန်မာစစ်အစိုးရရဲ့ ဝန်ကြီးချုပ် သိန်းစိန် က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံဖြိုးပြီး နိုင်ငံရေးတည်ငြိမ်မှုရရှိအောင်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားသင့်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မနေ့က ပြောဆိုခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့တာတွေ ဖယ်ရှားလိုက်မယ်ဆိုရင် မြန်မာပြည်ဟာ အမှန်တကယ်ပဲ တိုးတက်ပြောင်းလဲလာနိုင်ပါသလားဆိုတာကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာ စစ်အစိုးရဘက်က အခုလို တင်ပြတောင်းဆိုလာတဲ့အပေါ်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ အရေးယူဆောင်ရွက်တာတွေဟာ စစ်အစိုးရအပေါ်မှာ ထိခိုက်မှုရှိလာနေတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

စင်္ကာပူနိုင်ငံမှာ နေထိုင်နေတဲ့ စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ကြည်က မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးစနစ်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုအပေါ် အခုလို ရှုမြင်သုံးသပ်ပါတယ်။

“အာဏာရှိတဲ့သူတွေက လက်ဝါးကြီးအုပ် စနစ် ကျင့်သုံးပြီးတော့ အုပ်ချုပ်နေတာဗျ။ ခုန ပြောတဲ့ ချုပ်ချယ်မှုတွေ ရုပ်သိမ်းပေးပါဆိုတာက ရောင်းနေတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေက ခုန အာဏာရှိတဲ့ ပုဂ္ဂိုလ်တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်မှုက သာမန်လူတွေထဲမှာ တော်တော်လေး နဲနေပါသေးတယ်။ ကျောက်သံပတ္တမြားတို့ဆိုတာက အာဏာရှိတဲ့သူတွေကပဲ ရောင်းနေတာ။ အဲ သူတို့ပဲ ထိခိုက်တာပေါ့။”

ဒေါက်တာခင်မောင်ကြည်က စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရနဲ့အတူ သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ ထိခိုက်စေတယ်။

စီးပွားရေးပိတ်ဆို့မှုကိုဖယ်ရှားလိုက်ရင်တော့ မြန်မာပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် Free Market Economy ခေါ် လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အမှန်တကယ်ကျင့်သုံးဖို့ လိုအပ်တယ်လို့ ဒေါက်တာခင်မောင်ကြည်က ထောက်ပြပါတယ်။

“စီးပွားရေး အပြစ်တွေကို ရုပ်သိမ်းခဲ့လို့ရှိရင် ပစ္စည်းပိုင်ဆိုင်မှု အားလုံးက အာဏာရှိသူတွေကပဲ ပိုင်ဆိုင်နေတာဆိုတော့ ဘာမှတော့ အပြောင်းအလဲမရှိဘူး သူတို့ပဲ အကျိုးရှိမှာပဲ။ သို့သော် ဗမာပြည်ကို ဈေးကွက် စနစ်နဲ့ စနစ်တကျ ပီပီပြင်ပြင် ပြန်လုပ်ပါ့မယ်၊ လူတွေလဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့် အကုန်လုံးကို ပေးပါတယ်။ ခနက အာဏာရှိသူ တစုက ဒီအခွင့်အရေးတွေကို သုံးပြီးတော့ အရောင်းအဝယ်လုပ်နေမယ်ဆိုတာ မရှိတော့ပါဘူးလို့ ဆုံးဖြတ်ပြီးတော့ ဈေးကွက် စနစ်ကို ပြန်သွားမယ်ဆိုရင် တိုင်းပြည် ကြီးပွားနိုင်ပါတယ်။ ”

လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို အမှန်တကယ်ကျင့်သုံးမယ်ဆိုရင် မြန်မာနိုင်ငံဟာ ၁၀နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအရ ထိပ်တန်း ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုက အတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်ကတော့ အခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ ၉၀ပြည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုတာနဲ့ နိုင်ငံရေးပြသနာတွေကို တွေ့ဆုံဆွေးနွေးအဖြေမရှာတာကြောင့်ဖြစ်တယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းဖို့အတွက် စစ်အစိုးရဖက်က ပြုပြင်ပြောင်းလဲသင့်တယ်လို့ ပြောပါတယ်။

“အဓိက ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေတွေကို ဖြတ်သိမ်း ပေးဖို့၊ မတရားတဲ့ တရားစီရင်ရေး စနစ်တွေ ဖြတ်သိမ်းပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿာနာတွေကို အဖြေရှာနိုင်ဖို့အတွက် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပြီးတော့ ရှေ့ဆက်ဖို့ လိုပါတယ်။ နောက်တခုက တိုင်းရင်းသားတွေအပေါ် ဆင်နွှဲနေတဲ့ ထိုးစစ်တွေကို ရပ်တန့်ပြီးတော့ နိုင်ငံရေး အရ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့လိုပါတယ်။ အဲဒါမှပဲ အားလုံးက ဆန့်ကျင်တာတွေ၊ ပိတ်ဆို့ထားတာတွေ၊ အရေးယူထားတဲ့ ကိစ္စတွေက ရပ်တန့်သွားနိုင်မှာပါ။”

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုက အတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်ပြောသွားတာဖြစ်ပါတယ်။

ဒီကနေ့ မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့သတင်းတွေမှာတော့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းမှန်ပေါ်ရောက်ရှိနေပြီး ဒီမိုကရေစီဖော်ဆောင်ရေးကိုအမြန်ပြီးမြောက်နိုင်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG