သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ခွဲထွက်ရေး တောင်းဆိုနေတဲ့ တမီးလ် ကျားသူပုန်တွေကို အစိုးရက အပြီးအပြတ် နှိမ်နင်းနိုင် သလောက်ဖြစ်နေပြီလို့ သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်က်ဆာက ပြောလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ သီရိလင်္ကာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြောကြားတဲ့မိန့်ခွန်းမှာ မစ္စတာရာဂျာပက်က်ဆာက ပြောသွားတာပါ။
ဒီအတောအတွင်းမှာပဲ နိုင်ငံမြောက်ပိုင်းက စစ်ဖြစ်ပွားနေတဲ့ဒေသမှာ အရပ်သား ၅၂ ယောက် သေဆုံးပြီး ၈၀ လောက် ဒဏ်ရာရသွားတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ အစောပိုင်းတုန်းကတော့ သီရိလင်္ကာမြောက်ပိုင်းက လူပြည့်ကျပ်နေတဲ့ ဆေးရုံတခုကနေ အရပ်သားတွေ စပြီးထွက်ပြေးနေကြ ပြီလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က အင်္ဂါနေ့မှာ ပြောထား ပါတယ်။ အဲဒီဆေးရုံကို တနင်္ဂနွေနေ့မနက်ကတည်းကဆိုရင် အမြောက်ကျည် လေးကြိမ်ထက်မနည်း ထိမှန်ခဲ့တာကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီးပါပြီ။ အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သူပုန်နဲ့စစ်တပ်က တဘက်နဲ့တဘက် အပြန်အလှန် အပစ်တင်နေကြပါတယ်။