သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရိုဟင်ဂျာအားလုံး ကုလ တွေ့ခွင့်ရပြီ


မကြာသေးခင်ကပဲ ထိုင်းရေပိုင်နက်ထဲမှာ
ရေတပ်က ဖမ်းဆီးမိထားတဲ့ လှေစီးပြေး
ရိုဟင်ဂျာတွေကို အခုအခါမှာ ကုလသမဂ္ဂရဲ့
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR) က တွေ့ဆုံမေးမြန်းခွင့်တွေ
ရခဲ့ပြီး ဒီလူတွေအားလုံးဟာလည်း မြန်မာ
နိုင်ငံက လာကြတာလို့ ပြောကြပါတယ်။
ဒီလပိုင်းတွေမှာပဲ ထိုင်း၊ အင်ဒိုနီးရှား စတဲ့
နိုင်ငံတွေက ရိုဟင်ဂျာတွေကို သူတို့ရဲ့
ပင်လယ်ပြင်ထဲမှာ တဖွဲဖွဲ ဖမ်းဆီးမိနေတဲ့
သတင်းတွေ ထွက်လာနေလို့ ဒေသတွင်း
ပြဿနာတခုအဖြစ် ကိုင်တွယ်ဖို့ တိုက်တွန်းမှုတွေကလည်း ရှိနေတာပါ။ ရိုဟင်ဂျာ
ပြဿနာ အခုနောက်ဆုံး ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာကိုတော့ စုံစမ်း
ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အခုနောက်ဆုံးကတော့ ထိုင်းနိုင်ငံ အနောက်တောင်ဘက်က အန်ဒမန်ပင်လယ်ထဲမှာ
ထိုင်းရေတပ်က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာပဲ ဖမ်းဆီးမိပြီး ရနောင်းမြို့မှာ ထိန်းသိမ်းထားတဲ့
ရိုဟင်ဂျာ ၇၈ ယောက်စလုံးကို ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR) က တွေ့ဆုံမေးမြန်း စုံစမ်းခွင့်ရခဲ့တာပါ။ ဆယ်ကျော်သက်ရွယ်လူငယ် ၁၂
ယောက်ကို ပြီးခဲ့တဲ့အပတ်ထဲမှာပဲ UNHCR က ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံခွင့်
ရခဲ့ပြီးတော့ အခုနောက်ဆုံး ကျန်သူတွေအားလုံးကို တွေ့ခွင့်ရခဲ့တာပါ။ ဒီလိုတွေ့ဆုံ
မေးမြန်းလို့ သိလာရတဲ့ အချက်အလက်တွေ အရကလည်း ဒီရိုဟင်ဂျာ ၇၈ ယောက်
စလုံးဟာ မြန်မာနိုင်ငံက လာကြသူတွေအဖြစ် ပြောတယ်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ
ပြောခွင့်ရအမျိုးသမီး ကစ်တီ မက္ကင်းဇီး (Kitty McKinsey) က ပြောပါတယ်။

“ထိုင်းကမ်းခြေကို ရောက်လာတဲ့အထဲက ဆေးရုံတင်ထားရတဲ့သူ ၃ ဦး အပါအဝင်
၇၈ ယောက်စလုံးကို အခုတော့ တွေ့ခဲ့ပြီးပါပြီ၊ သူတို့အားလုံးက မြန်မာနိုင်ငံက
လာတာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့အားလုံးကို ကျမတို့ ပြီးခဲ့တဲ့ အပတ်အတွင်း
မှာပဲ တွေ့ခဲ့တာပါ။”

အစောပိုင်းမှာတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ်က
အနိုင့်အထက် ပြုမူဆက်ဆံတာတွေ ရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ
သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိုးရိမ်ပူပန်သံတွေ၊
ဝေဖန်သံတွေလည်း ထွက်ပေါ်လာတာပါ။ အခုတပတ် တနင်္လာနေ့မှာတုန်းကလည်းပဲ
အင်ဒိုနီးရှားရေတပ်က သစ်သားလှေတစင်းနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၉၈ ယောက်
ကို ပင်လယ်ပြင်မှာ ကယ်တင်ခဲ့တာဖြစ်ပြီးတော့ ဒီလူတွေဟာဆိုရင်လည်း ထိုင်း
ရေတပ်က အစောပိုင်းဖမ်းဆီးမိပြီး နှိပ်စက်ညှဉ်းပန်းတာတွေ ခံခဲ့ရတယ်ဆိုတဲ့
သတင်းတွေလည်း ထွက်ခဲ့တာပါ။ ဒီလိုသတင်းတွေ ထွက်ပေါ်နေချိန် UNHCR အနေနဲ့
သူတို့တတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းရရှိထားတာ ရှိမရှိ တာဝန်
ရှိသူ မစ္စစ်မက္ကင်းဇီးကို မေးကြည့်ပါတယ်။

“ကျမတို့ တွေ့ခွင့်တော့ မရသေးပါဘူး။ ဒါပေမယ့်လည်း ဒီလူတွေ အင်ဒိုနီးရှားကမ်းခြေ
ကို သေကံမရောက် သက်မပျောက်အောင်လို့ အင်ဒိုနီးရှားရေတပ်နဲ့ ရေလုပ်သားတွေ
အပါအဝင် ကူညီကယ်တင်ပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။”

ဒီလှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက
လာတဲ့သူတွေဖြစ်တယ်၊ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်က ထွက်ပြေးလာသူတွေ
ဖြစ်တယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိပါတယ်။ အခုနောက်ဆုံး UNHCR နဲ့ တွေ့ခွင့်ရ
တဲ့ ၇၈ ယောက်ဟာဆိုရင်လည်း မြန်မာစစ်တပ်ရဲ့ ရိုက်နှက်ညှဉ်းပန်းတာတွေကို ခံခဲ့ရ
သူတွေ ဖြစ်တယ်ဆိုပြီး ထိုင်းလုံခြုံရေး အာဏာပိုင်တွေက ပြောခဲ့တာပါ။ ဒါပေမယ့်လို့
မြန်မာစစ်အစိုးရဘက်ကတော့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု
၁၀၀ ကျော်ထဲမှာ မပါဝင်သလို ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရလည်း ဒီလူတွေဟာ
မြန်မာနိုင်ငံက လာသူတွေဖြစ်တယ်လို့ ပြောထားတာ မရှိဘူးဆိုပြီး တုံ့ပြန်ထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ ပြီးခဲ့တဲ့လကုန်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်
ပီယိုမြာ (Kasit Piromya) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသံရုံးတာဝန်ခံ၊
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့
တွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့တာပါ။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းသွားနိုင်ဖို့ အတွက်
ကိုလည်း ဒီ ၆ နိုင်ငံ ပါဝင်မယ့် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက ကမကထလုပ်ကျင်းပဖို့
ထိုင်းအစိုးရဘက်က အဆိုပြုခဲ့တာပါ။ ဒါပေမယ့်လို့ ထိုင်းအစိုးရ အနေနဲ့ကတော့
ရိုဟင်ဂျာဟာ စီးပွာရေးအခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ
အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ထွက်ပြေးလာသူတွေ မဟုတ်ကြတဲ့အတွက်
ဒုက္ခသည်တွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်သလို၊ လက်ခံ
စောင့်ရှောက်သွားမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ပြောထားတာပါ။

လက်ရှိ ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာဆိုရင်
လည်း ဒေသခံတချို့က ဒီလိုအစီအစဉ်တွေရှိမှာကို မလိုလားဘူးဆိုပြီး ကန့်ကွက်ဆန္ဒပြ
တဲ့အထိ လုပ်ခဲ့တာတွေကိုလည်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။ ဒါနဲ့
ပတ်သက်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရအမျိုးသမီး ပြောတာကတော့ …

“ဒီကောလာဟလ ဘယ်ကနေထွက်လာတယ်ဆိုတာ ကျမတို့ တကယ်ပဲ မသိပါဘူး။
ဒီလို ရိုဟင်ဂျာတွေကို လက်ခံမယ့်နေရာလိုမျိုး၊ ဒုက္ခသည်စခန်း ဖွင့်ဖို့လိုမျိုး ကျမတို့မှာ
အစီအစဉ်မရှိပါဘူး။ ဒါဟာ အခြေအမြစ်မရှိဘဲ ပြောကြတဲ့ ကောလာဟလသာ ဖြစ်ပါ
တယ်။ တကယ်တော့ အခုပြဿနာကို ဖြေရှင်းဖို့အတွက် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို
ထိုင်းအစိုးရနဲ့ ဆွေးနွေးနေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။”

ထိုင်းအစိုးရကတော့ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ
ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့နှစ်တွေကစလို့ တရားမဝင် ဝင်ရောက်လာတဲ့
ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းချေ ၂၀,၀၀၀ လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။
ဒါကြောင့်မို့ ပြဿနာကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားဖို့နဲ့ ဒီအတွက် သုံးစွဲစရာ
ငွေကြေးရန်ပုံငွေတရပ်လည်း လိုအပ်လိမ့်မယ်ဆိုပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေက
ပြောဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG