သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ အာဆီယံ လူ့အခွင့်အရေး စံအတိုင်း ဖြေရှင်းသင့်


မြန်မာနိုင်ငံကလို့ဆိုတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားနိုင်ငံက ဒုက္ခသည်အဖြစ် အသိအမှတ် ပြုကောင်းပြုမယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် မူရင်းနိုင်ငံတွေဟာ လူနည်းစုတွေနဲ့ ဒုက္ခသည်တွေကို နှိပ်စက်ညှဉ်းပန်းတာတွေ ရပ်ပစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ (ASEAN) ပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်သင့်တယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ ဒီတော့ အာဆီယံပဋိညာဉ်စာတမ်းနဲ့ အခု ရိုဟင်ဂျာတွေ ပြဿနာအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဘယ်လိုမြင်ကြတယ်ဆိုတာ ကိုကျော်ကျော်သိန်း က စုစည်းတင်ပြထားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပြဿနာဟာ မြန်မာတနိုင်ငံထဲတင် မဟုတ်တော့ဘဲ အာဆီယံ နိုင်ငံတွေဆီထိ ပျံ့နှံ့လာတာကြောင့် အာဆီယံတဖွဲ့လုံးအနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ် ဆိုတာကို သဘောတူကြပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ အဲဒီကနေ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေထိပါ ရိုက်ခတ်လာပြီလို့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အာဆီယံရဲ့ မူဝါဒထဲမှာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ချမ်းသာဝပြောရေးတို့ ကို တိုးမြှင့်ဖို့အတွက် စိတ်ဂတိပြု မြှုပ်နှံခြင်းနဲ့ ပူးပေါင်းတာဝန်ယူမှုတွေကို ဖလှယ်ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ပါပါတယ်။ အဲတော့ အခုဖြစ်တဲ့ အကြောင်းအရာက ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအားလုံးကနေ စုပေါင်းတာဝန်ယူဖြေရှင်းဖို့ရယ်။ နောက်တခါ ဖြစ်လာတဲ့ အကျိုးအကြောင်းတရားကို ကျနော်တို့ လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒီဟာကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ အာဆီယံပဋိညာဉ်မှာ ပါတဲ့ နိုင်ငံအားလုံးလိုက်နာရမယ့် မူဝါဒ ဆိုတဲ့အချက်ကို တိုက်ရိုက် သွားပြီးတော့ ထိခိုက်နိုင်တယ်။”

ပြဿနာအခြေပြုတဲ့ မူရင်းနိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေ အတိုင်း လိုက်နာလုပ်ဆောင်သင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟက်ဆန် ဝီဒါယုဒ (Hassan Wirajuda) က သောကြာနေ့က သတင်းထောက်တွေ ကို ဂျကာတာမြို့မှာပြောခဲ့တဲ့အကြောင်း စနေနေ့ ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားးပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းမှာ လူနည်းစုလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တာတွေ၊ ဒုက္ခသည်တွေနဲ့ပတ်သက်တာတွေ တိတိကျကျ ပြဌာန်းမထားပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ သတ်မှတ်ချက်တွေကို နိုင်ငံတွေအနေနဲ့ လိုက်နာဖို့တာဝန်ရှိတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းမှာ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖွဲ့စည်းဖို့ ပါရှိပေမယ့် ခုချိန်ထိ မဖွဲ့စည်းရသေးတဲ့ အတွက် လက်ရှိမှာ အခုလိုပြဿနာမျိုးကို ကိုင်တွယ်နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့လည်းဆိုပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းလုပ်ချင်စိတ်ရှိရင်တော့ အခုကိုပဲ ဖြေရှင်းဖို့ရပါတယ်လို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“တကယ်လို့သာ အာဆီယံမှာရှိတဲ့နိုင်ငံတွေအားလုံးကနေ အခုလိုမျိုး နိုင်ငံဖြတ်ကျော်ပြီး ဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ကိစ္စတွေ၊ ဒုက္ခသည်ကိစ္စတွေ၊ နောက် အမျိုးသမီးနဲ့ ကလေးတွေအပေါ်မှာ ပတ်သက်နေတဲ့ကိစ္စတွေကို အမှန်တကယ် ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ စိတ်ဆန္ဒရှိလို့ရှိရင်တော့ ဒီကိစ္စက ကျနော်တို့ အမှန်တကယ် ဖြေရှင်းနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံမှာ ဒေသအလိုက် လူ့အခွင့်အရေး စာချုပ်တွေ မရှိသေးဘူး။ တရားဥပဒေကို ဆောင်ရွက်နိုင်တဲ့ တရားရုံးတွေ မရှိသေးတဲ့အတွက် နှောင့်နှေးကောင်း နှောင့်နှေးနိုင်ပေမယ့် သက်ဆိုင်ရာနိုင်ငံတွေက ဒါကို အရေးယူဆောင်ရွက်ရင်တော့ ဖြေရှင်းနိုင်တဲ့ ယန္တရားတွေ ပေါ်လာမှာတော့ အမှန်ပါပဲ။”

လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းပါ။

အခုရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေရဲ့ ပြဿနာဟာ နိုင်ငံရေးပေါ်မှာအခြေခံတဲ့ လူမှုရေး၊ စီးပွားရေးပြဿနာ အဖြစ် ရှုမြင်ပါတယ်လို့ သုံးသပ်သူကတော့ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးကော်မတီရဲ့ ညွှန်ကြားရေးမှူး ဦးထူးချစ် ပါ။

“ကျနော် တွေ့ခဲ့ဖူးတဲ့ ရိုဟင်ဂျာတွေ အားလုံးက သူတို့ဘာဖြစ်လို့ သူတို့ရဲ့ ရွာတွေ သူတို့ရဲ့ မြို့တွေကို စွန့်ရသလဲဆိုတော့ သူတို့ဒေသမှာရှိတဲ့ စစ်တပ်ကနေပြီးတော့ လုပ်အားပေးတွေ ရှိတယ်။ သူတို့မှာ အရင်က ဘိုးဘွားပိုင်အိမ်ယာတွေ သိမ်းခံရတာတွေရှိတယ်။ သူတို့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရဘူး ဆိုတဲ့ဟာတွေ ရှိတယ်။ အဲဒီတော့ ဒါကြောင့်မိုလို့ သူတို့က အဲဒီအပေါ်မှာ အခြေခံပြီးတော့ သူတို့ အလုပ်အကိုင်တွေ သိပ်မရှိဘူး။ ဝင်ငွေနဲ့ စားသုံးစရိတ်က မမျှဘူး။ ဒါကြောင့်မိုလို့ သူတို့က ထိုင်းနိုင်ငံဘက်ကိုလာပြီးတော့ မလေးရှားနိုင်ငံဘက်ကို သွားတာခင်ဗျ။”

ဦးထူးချစ်တို့အဖွဲ့ဟာ ထိုင်းနိုင်ငံကဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တောက်လျှောက်လို ပေးလာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ကပ္ပလီပင်လယ်ပြင်မှာ ထိုင်းရေတပ်ကဖမ်းဆီးပြီးတဲ့နောက် အခု ရနောင်းမြို့ရဲစခန်းနဲ့ ဆေးရုံတို့မှာရှိနေတဲ့ ရိုဟင်ဂျာ ၇၈ ယောက်ကိုလည်း သွားရောက်တွေ့ဆုံပြီး အကူအညီပေးခဲ့ပါသေးတယ်။

ဒီပြဿနာဟာ မြန်မာတနိုင်ငံတည်းရဲ့ ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းပြဿနာ ဖြစ်လာနေပြီဆိုတာ ဦးထူးချစ် ကလည်း သဘောတူပါတယ်။ အဓိကတာဝန်ယူ ဖြေရှင်းရမှာကတော့ မြန်မာအစိုးရဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လည်း မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ရမယ့် ပြဿနာတော့မဟုတ်ဘူးလို့ ဦးထူးချစ် က ပြောပါတယ်။

“အဓိက ကတော့ မြန်မာပြည်ပေါ့ဗျာ။ မြန်မာပြည်ရယ်၊ ဘင်္ဂလားဒေ့ရှ် တို့ မလေးရှားတို့ ထိုင်းတို့ပေါ့၊ နောက်ပိုင်းတော့ အင်ဒိုနီးရှားတို့ပါ ဖြစ်လာတော့ ဒီပြဿနာကို အဓိက ဒေသတွင်းနိုင်ငံတွေပေါ့၊ အနည်းဆုံး လေးငါးနိုင်ငံကနေပြီးတော့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ထင်တယ်။ နောက်တခုက အဓိက တာဝန်ယူဖြေရှင်းရမှာကတော့ ကျနော်တို့ မြန်မာအစိုးရပဲ ဖြစ်မယ်လို့ ကျနော် ထင်တယ်။ သူတို့က တော်ယုံတန်ယုံ အခြေခံ လူ့အခွင့်အရေးတွေ ရှိမယ်ဆိုလို့ရှိရင်တော့ ဒီပြဿနာတွေ အများကြီး လျော့ကျသွားမယ်လို့ ကျနော့်အနေနဲ့ ထင်တယ်။ မြန်မြန်ဆန်ဆန်တော့ ဖြေရှင်းလို့ရမယ် လို့တော့ ကျနော်တို့ မထင်ပါဘူး။ ဒီကိစ္စကို ကျနော်တို့ စပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ဖြစ်ကတည်းက ကျနော်တို့အနေနဲ့ အကြိမ်ကြိမ်ပေါ့ဗျာ၊ ယူအဲန် တို့ဘာတို့ကို သေသေချာချာ ပြောဖူးပါတယ်။ အထောက်အထားတွေ အတိအကျနဲ့ ဒီဥစ္စာကို ကိုင်တွယ်ပါဆိုတာပေါ့။ အဓိက ကတော့ ဘာလို့ မြန်မြန်ဆန်ဆန် ဖြေရှင်းလို့မရသလဲဆိုတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ်မှာလည်း မူတည်နေတော့ ကျနော် ထင်တာကတော့ မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ရမယ်လို့တော့ မထင်ဘူးခင်ဗျ။”

အခြေခံလူထု လူ့အခွင့်အရေး ပညာပေးကော်မတီရဲ့ ညွှန်ကြားရေးမှူး ဦးထူးချစ် ပါ။

အခု ရိုဟင်ဂျာပြဿနာကို ဒီလအတွင်း ထိုင်းနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး၊ ဘာလီလုပ်ငန်းစဉ်အရ ဒီနှစ်လယ်မှာကျင်းပမယ့် ဒေသတွင်းဝန်ကြီးအဆင့်အစည်းအဝေးနဲ့ ကုလသမဂ္ဂအစည်းတို့လို နိုင်ငံစံုံပါဝင်တဲ့ အစည်းအဝေး တွေမှာ တင်ပြ ဆွေးနွေးသွားမယ့်အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး
ဝန်ကြီး ကလည်း သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာတွေပြောသလို ထိုင်းစစ်တပ်က သူတို့ကို ရိုက်နှက်ညှဉ်းပန်းပြီး အစားအစာ သောက်ရေ အနည်းအကျဉ်းနဲ့ စက်မပါတဲ့လှေပေါ်တင်ပြီး ပင်လယ်ထဲပြန်ပို့ခဲ့တယ် ဆိုတာ မှန်ကန်တယ်ဆိုရင် ကျူးလွန်သူတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီ၀ (Abhisit Vejjajiva) က ဂျပန်နိုင်ငံခရီးစဉ်အတွင်း ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာပဲ ဖော်ပြထားပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG