အီရန်နိုင်ငံရဲ့ နျူကလီးယားလက်နက်ဆိုင်ရာ အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဆွေးနွေးပြောဆိုဖို့ဆန္ဒ ရှိတယ်လို့ အမေရိကန် ဒုသမ္မတ ဂျိုး ဘိုင်ဒန် က မြူးနစ် မှာ စနေနေ့က ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံရဲ့ တရားမ၀င် နျူကလီးယား အစီအစဉ်တွေနဲ့ အကြမ်းဖက်မှုကို ပံ့ပိုးနေမှုတွေအတွက် အီရန်ဘက်က စွန့်လွတ်မယ် ဆိုရင် အဓိပ္ပါယ်ရှိတဲ့ မက်လုံးပေးကမ်းလှမ်းမှုတွေကို ပေးဖို့ရှိတယ်လို့လည်း မစ္စတာ ဘိုင်ဒန် က ပြောပါတယ်။ ဒါပေမယ့် အီရန်ဘက်က လောလောဆယ်ကိုင်စွဲထားတဲ့ လမ်းကိုရွေးမယ်ဆိုရင်တော့ ရှေ့လျှောက် ဖိအားပေးတာတွေ နဲ့ အထီးကျန်အဖြစ်ကို ရောက်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံဘက်က တိုးတက်လာတဲ့ လက်နက်ဆိုင်ရာ စွမ်းပကားတွေကို ပြန်ပြီးတုံ့ပြန်နိုင်မယ့် ဒုံးခွင်းစနစ်နဲ့ တန်ပြန်ခုခံနိုင်မယ့် လက်နက်တွေကို အမေရိကန်နိုင်ငံဘက်က ဆက်လက်ပြီး ထုတ်လုပ်မယ်လို့လည်း ဆိုပါတယ်။ အရင် ဘုရှ် အစိုးရ လက်ထက်က အီရန်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် အခု မစ္စတာ ဘိုင်ဒန် က ဆွေးနွေးဖို့ကိစ္စကို စပြီး ကမ်းလှမ်းခဲ့တာပါ။
အခု သမ္မတသစ် အိုဘားမား အစိုးရလက်ထက်မှာ နောက်ထပ် ရင်ဆိုင်ရမယ့် အရေးပါတဲ့ ကိစ္စတခုက အမေရိကန် ရုရှား ဆက်ဆံရေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အန္တရာယ်ရှိတဲ့အဆင့် ရောက်နေတာ တွေ့ရတယ်လို့ မစ္စတာ ဘိုင်ဒန်က ၀န်ခံခဲ့ပြီး အခုချိန်ဟာ ရုရှားနဲ့ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရမယ့်အချိန်လို့လည်း ပြောပါတယ်။