သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးဇာတ်ဆောင်ဆုတွေ မပါတဲ့ မြန်မာအကယ်ဒမီပေးပွဲ


မနေ့က နေပြည်တော်ရဲ့ အကယ်ဒမီညမှာ အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တွေ တယောက်မှ ဆုချီးမြှင့်ခံရတဲ့အထဲမှာ မပါနေတော့ ရုပ်ရှင် အသိုင်းအဝိုင်းက အံ့သြနေကြပါတယ်။ ၂၀၀၇ခုနှစ် တနှစ်လုံးထွက်သမျှ ဇာတ်ကားတွေထဲမှာ အမျိုးသမီးသရုပ်ဆောင်တွေ အရည်အချင်းမမှီလို့ ဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့တယ်လို့ နေပြည်တော်မှာ သတင်းသွားယူနေတဲ့ မဂ္ဂဇင်း သတင်းထောက် တဦးက ပြောပါတယ်။

အမျိုးသမီး သရုပ်ဆောင် ဆုတွေနဲ့ အတူ ဇာတ်ညွှန်းဆု၊ အသံ၊ တည်းဖြတ်၊ ဇာတ်ပို့ဆု အစရှိတဲ့ ဆု ၅ဆုကိုပဲ ဒီနှစ်ထဲမှာ မပေးခဲ့ပါဘူး။ ဒါပေမယ့် အခုလို အမျိုးသမီးသရုပ်ဆောင်ဆုနဲ့ ဇာတ်ပို့ဆုတွေ မပေးခဲ့တာကတော့ ရုပ်ရှင် အကယ်ဒမီ သမိုင်းထဲမှာ တခါမှာ မရှိခဲ့သလို နားလည်ဖို့တောင် ခက်ခဲလွန်းလှတယ်လို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူက ပြောပါတယ်။

အရင်တုန်းကတော့ မရှိဘူး။ ဒီနှစ်ကျမှ အမျိုးသမီးတွေကို ဘာဖြစ်လို့ မပေးသလဲ မသိဘူး။ ဒီနှစ်မှာ အမျိုးသမီးကို ဆုမပေးဘူး ဆိုတာ ထူးခြားတယ်။ အမှန်တော့ ဆုဆိုတာက ၂၀၀၇အတွက် ပေးတယ်ဆိုရင် ၂၀၀၇ထဲမှာ အကောင်းဆုံး ဇာတ်ကားထဲမှာ ပါတဲ့ သရုပ်ဆောင်တွေက ရှိပါတယ်။ ၂၀၀၇ထဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ကို သူတို့ ပေးရမယ်။ သူတို့ကတော့ ဘယ်လို ပုံစံနဲ့ ပေးသလဲ မသိဘူး။ အမျိုးသမီး သရုပ်ဆောင်တွေက ၂၀၀၇မှာ လုံးဝမကောင်းတဲ့သဘော ဖြစ်သွားတာပေါ့။ အမှန်တော့ ညံ့တဲ့ထဲက အကောင်းဆုံးကိုတော့ ပေးရမယ်လို့ ကျွန်တော် မြင်တယ်။

၂၀၀၇ခုနှစ် အမျိုးသမီး အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရတဲ့ အမျိုးသမီး သရုပ်ဆောင်တွေ ရှိပါတယ်။ တကယ်တော့ အခု အကယ်ဒမီ ပေးခဲ့တဲ့ ဇာတ်ကားတွေထဲကို ကြည့်ရင်တောင်မှ အဲဒီ အထဲကနေ အမျိုးသမီး သရုပ်ဆောင်တွေကို ရွေးခြယ်လို့ ရတဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရပါတယ်လို့ ဦးကျော်သူက ပြောပါတယ်။

အခု ဆုရတဲ့ ကား ပြန်ပြတဲ့ အထဲမှာ ရုပ်မြင်သံကြားထဲက ကြည့်တော့ ကျွန်တော့်ကို မဖိတ်ပါဘူး။ ကျွန်တော်က သံယောဇဉ်ရှိုလို့ ကြည့်လိုက်တော့ ဆုရတဲ့ ကားတွေ၊ ဥပမာ ကျော်ရဲအောင် ရတဲ့ကား၊ ကျော်ရဲအောင် ရတဲ့ အကွက်တွေကို ပြတယ်။ သီးချင်းနဲ့ ပတ်သက်တဲ့ ရတဲ့ အကွက်တွေကို ပြတယ်။ အဲဒီလို ပြတဲ့အချိန်မှာ နန္ဒါလှိုင်က တော်တော်လေး ကြိုးစားထားတယ်။ နန္ဒါလှိုင်လည်း ရသင့်တယ်။ နန္ဒါလှိုင်ကို ဘာကြောင့် မပေးသလဲဆိုတာတော့ ဘယ်လို စည်းမျှဉ်း စည်းကမ်းတွေရှိသလဲ ဆိုတာတော့ ကျွန်တော် နားမလည်ဘူးခင်ဗျ။

မြန်မာ့ ရုပ်ရှင် ဇာတ်ကားတွေမှာတော့ တည်းဖြတ်ရေးနဲ့ အသံပိုင်း၊ စက်ပိုင်းဆိုင်ရာတွေမှာ အလွန်အားနည်းနေတာကြောင့် အရည်သွေး မြင့်မားတဲ့ ဇာတ်ကားတွေ မရှိဘူးလို့လည်း ဆိုနေကြပါတယ်။ ဒါပေမယ့် ကန့်သတ်မှုရဲ့ အတိုင်းအတာထဲမှာ အဆင့်အတန်းရှိတဲ့ ဇာတ်ကားတွေ ရိုက်ရအောင် ခက်ခဲတယ်လို့ ဦးကျော်သူက ပဲ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် ရိုက်ချင်တဲ့နေရာတွေမှာ ရိုက်ခွင့်မရဘူး။ ဥပမာ မြန်မာ့ရုပ်ရှင်တွေ အဆင့်အတန်းမြင့်ချင်တယ်။ ဇာတ်လမ်းအရ လေဆိပ်မှာ ရိုက်ချင်တယ်ဆို ရိုက်ဖို့အတွက် အခက်အခဲတွေ ရှိတယ်။ သင်္ဘောဆိပ်ဆိုလဲ သင်္ဘောဆိပ်အလျောက် အခက်အခဲတွေ ရှိတယ်။ ကျွန်တော်တို့ အိမ်တလုံးထဲမှာပဲ ချောင်ပိတ်ရိုက်ရတဲ့ သဘောရှိတယ်။

ဦးကျော်သူက သူ့အတွေ့အကြုံတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG