သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး အစီအစဉ် အထက်လွှတ်တော် ငြင်းခုံဆွေးနွေးဆဲ


တိုင်းပြည် ရဲ့ စီးပွါးရေး ပြန်ကောင်းလာအောင် နှိုးပေးဖို့အတွက် ငွေအလုံးအရင်းသုံးထားတဲ့ အဆိုပြုချက် ကို စဉ်းစားရအောင် အမေရိကန် အထက်လွှတ်တော် ဟာ စနေနေ့ မှာ စည်းဝေးနေကျ မဟုတ်ဘဲ၊ အစည်းအဝေး တစ်ရပ် ကို ထိုင်ခဲ့ကြပါတယ်။ မူရင်း အဆိုပြုချက် က တင်ပြထားတဲ့ငွေ ကို ဖြတ်ချလိုက်ပြီး၊ စီမံကိန်းတစ်ရပ် ကို အထက်လွှတ်တော် က သဘောတူခဲ့ကြပါတယ်။ ဒီမိုကရက်တွေ က အဆိုပြုချက် ကို မြန်မြန်ဆန်ဆန် အတည်ပြုပေးစေချင်နေပါတယ်။ ဝါရှင်တန် ကနေ Kent Klein နဲ့ Julia Ritchey တို့ သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

စီးပွါးရေး ပြန်ကောင်းအောင် နှိုးမယ့် အစီအစဉ် ကို ဒေါ်လာ သန်းပေါင်း ၇ သိန်း ၈ သောင်း သုံးဖို့ သောကြာနေ့ မှာ သဘောတူညီ လိုက်ကြပါတယ်။ ဒီမိုကရက်အမတ်တွေ မူလ တင်ပြထားတဲ့ အစီအစဉ် ထက် ဒေါ်လာ သန်းပေါင်း ၁ သိန်း ၁ သောင်း လျော့နည်း သွားပါတယ်။ အတည်ပြု ပြဌာန်းနိုင်ဖို့ လုံလောက်တဲ့ မဲ အရေအတွက် ရှိနေပြီလို့ အထက်လွှတ်တော် ခေါင်းဆောင်တွေ က ပြောကြပါတယ်။
ဒီမိုကရက် အမတ်တွေ နဲ့ ရီပါဘလီကန် အမတ်တွေကြား သဘောတူညီချက် တစ်ရပ် ကို ရောက်ရှိခဲ့ကြတဲ့အတွက် သမ္မတ ဘရက် အိုဘားမား က သူ့ ရဲ့ အပတ်စဉ် မိန့်ခွန်း မှာ ချီးကျူး ပြောဆိုလိုက်ပါတယ်။ လွှတ်တော် က အဲဒီ အစီအစဉ် ကို အမြန်ဆုံး ပြဌာန်းနိုင်အောင် လုပ်ဆောင်ပေးဖို့ လည်း အမတ်တွေ ကို သူ က တိုက်တွန်းလိုက်ပါတယ်။

“ဒီစီမံကိန်း ရဲ့ ပမာဏ နဲ့ နယ်ပယ်ကျယ်ပြန့်ပုံ က မှန်နေပါတယ်။ လုပ်စရာတွေ လုပ်ဖို့ အချိန် ကတော့ အခု အချိန်ပါပဲ။ ဒီ စီမံကိန်း ကို လက်တွေ့မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူး ဆိုရင်၊ ကျွန်တော်တို့ ရဲ့ စီးပွါးရေး အကျပ်အတည်း က တမျိုးသားလုံးဆိုင်ရာ ကပ်ဘေး ဖြစ်သွားနိုင်ပါတယ်။ အမေရိကန် ပြည်သူ သန်းပေါင်းများစွာ ဟာ၊ သူတို့ အလုပ်တွေ၊ သူတို့ အိမ်တွေ၊ နဲ့ သူတို့ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက်တွေ ဆုံးရှုံးကြပါလိမ့်မယ်။ အဲဒီ အရေအတွက်ထက်ပိုများတဲ့ အမေရိကန် သန်းပေါင်းများစွာ ဟာလည်း သူတို့ အိမ်မက်တွေ ကို ခေါက်ထားကြရပါလိမ့်မယ်။”

ရီပါဘလီကန် ခေါင်ဆောင်တွေကတော့ စီမံကိန်း က သုံးထားတာကြီးမားလွန်းပြီး၊ ဖြုန်းထားတာတွေ နဲ့ ပြည့်နေတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် အလုပ်ဖြစ်ဖွယ် မရှိဘူး လို့ ဆိုပါတယ်။ တချို့ ဒီမိုကရက်တွေကလည်း လျှော့သုံးဖို့ တောင်းဆိုကြပါတယ်။ အမေရိကန် ပြည်သူတွေ ရဲ့ အခွန်ငွေ ကို ဖြတ်တောက်ပေးတာ က စီးပွါးရေး ကို ပြန်ကောင်းအောင် လှုံ့ဆွပေးဖို့ ပိုပြီး ထိရောက်ပါလိမ့်မယ်လို့ သူ့ပါတီရဲ့ တုံ့ပြန်ချက် ကို ပြောကြားရာမှာ ရီပါဘလီကန် ပါတီ တမျိုးသားလုံးဆိုင်ရာ ကော်မီတီ ဥက္ကဌ Michael Steele က ပြောပါတယ်။

“ဒါပေမဲ့ ဒီမိုကရက်တွေ ရဲ့ အတွေးအခေါ် က ကျွန်တော်တို့ နဲ့ မတူပါဘူး။ မိသားစုတွေ ရဲ့ ဘဏ်သုံးငွေ စာရင်းမှာ ပိုက်ဆံ ထည့်ပေးရမယ့် အစား၊ အဲဒီ ပိုက်ဆံတွေ ကို သူတို့ က ဝါရှင်တန် ကို ပို့၊ နှေးကွေးပြီး၊ မထိရောက်တဲ့ အစိုးရ က တဆင့် အဲဒီ ငွေတွေ ကို သုံး၊ ပြီးတော့ တခုခု ကောင်းလာမှာပဲ လို့ မျှော်လင့်နေကြပါတယ်။”

ဘုရှ် အစိုးရ လက်ထက်အတွင်း အခွန်ဖြတ်တောက်တာတွေ အများကြီး ကို လုပ်ခဲ့ပေမဲ့ အမေရိကန် စီးပွါးရေး ကောင်းလာအောင် လုပ်မပေးနိုင်ခဲ့ပါဘူး လို့ သမ္မတ အိုဘားမား ကတော့ ပြောပါတယ်။

“ရှင်းရှင်းမြင်လိုက်ကြရအောင်။ သဘောတရား အဟောင်းတွေ နဲ့ သက်သာရာရမယ်လို့ ကျွန်တော်တို့ မမျှော်လင့်နိုင်ပါဘူး။ အဲဒီ သဘောတရား အဟောင်းကြီးကြောင့် တမျိုးသားလုံး ရဲ့ အကြွေ က ၂ ဆဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ စီးပွါးရေး က ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဗြောင်းဆန်ခဲ့ကြရပါတယ်။”

အောက်လွှတ်တော် က အတည်ပြုလိုက်တဲ့ အဆိုပြုချက် ကို အထက်လွှတ်တော် က ပြန်လည် ပြင်ဆင်ပြီး ဒီ အပတ် မှာ အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အထက်လွှတ်တော် အဆိုပြုချက် က အောက်လွှတ်တော် အဆိုပြုချက်ထက် သန်းပေါင်း တစ်သိန်းလောက် အခွန်လျှော့ပေါ့ ဖြတ်တောက်ပေးထားပြီး၊ ပြည်နယ် အစိုးရတွေ ကိုလည်း အကူအညီ ပေးထားပါတယ်။
ဒါပေမဲ့ ဘယ် အဆိုပြုချက် ကို ပဲ ဖြစ်ဖြစ်၊ ရီပါဘလီကန်တွေ က ထောက်ခံတာ နည်းနေပါသေးတယ်။ သူတို့ က ပမာဏအားဖြင့် သုံးငွေ ကို ဒါ့ထက် လျှော့စေချင်ပြီး၊ သုံးရာမှာလည်း အခြေခံ အဆောက်အအုံတွေ မှာ သုံးစေချင်ပါတယ်။
မစ္စတာ အိုဘားမား နဲ့ သမ္မတ ယှဉ်ပြိုင် အရွေးခံခဲ့သူ ရီပါဘလီကန် အထက်လွှတ်တော် အမတ် ဂျွန်မက္ကိန်း က အဆိုပြုချက် ဥပဒေမူကြမ်း ကို ထောက်ခံလိမ့်မယ် မဟုတ်ဘူး လို့ စီဘီအက်စ် ရုပ်မြင်သံကြား ကို ပြောပါတယ်။

“အဲဒီ အဆိုပြုချက် ဟာ မျိုးဆက်တွေထဲ က ခိုးထားတာပဲဖြစ်တယ်လို့ ပြော၇မယ် ထင်ပါတယ်။ ကျွန်တော်တို့ မှာ လိုငွေပြထာ က သန်းပေါင်း ၁ သန်း ၂ သိန်း ရှိပြီးနေပါပြီ။ ဒီတိုင်းပြည် ရဲ့ သမိုင်း မှာ အကြိးမားဆုံး ကြွေးဖြစ်နေတာပါ။ ဒီ အကြွေး က ဘာပဲ လုပ်လုပ် ထပ်တက်သွားမှာပဲဖြစ်ပါတယ်။ အဲဒီ အကြွေး ကို ကျွန်တော်တို့ ရဲ့ ကလေးတွေ နဲ့ မြေးတွေ ကို ဆပ်ပေးကြဖို့ .. ပြောရပါတော့မယ်။”

အဆိုပြုချက် ဟာ ၁၉၃၀ ခုနှစ် က ကြုံခဲ့တဲ့ မဟာစီးပွါးပျက်ကပ်မှာ လုပ်ခဲ့တာထက်တောင် ကြီးနေတယ်လို့ မက္ကိန်း က ပြောပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမား ရဲ့ စီးပွါးရေး အကြံပေး လောရင့်စ် ဆန်းမား ကတော့ အဲသလို သမိုင်းကြောင်း အရ နှိုင်းယှဉ်တာ နဲ့ ပတ်သက်ပြီး၊ အေဘီစီ ရုပ်မြင်သံကြား ကို အခုလို ပြောပါတယ်။

“ရီပါဘလီကန်တွေ ရဲ့ ၈ နှစ်တာ အုပ်ချုပ်မှုကြောင့် ဖြစ်လာခဲ့တဲ့ လိုငွေ သိန်းပေါင်း သန်းချီခဲ့တာ ကို ကျွန်တော်တို့ က ဆက်ခံခဲ့ရတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ဘယ်အချိန်နဲ့ မှမတူအောင် စီးပွါးရေး က ပိုပြီး မြန်မြန်ဆန်ဆန်ကြီး ပြိုဆင်းနေပါတယ်။ အဲဒီ ၈ နှစ်တာ ကို ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြတဲ့ သူတွေ ဟာ သမိုင်း သင်ခန်းစာ ကို ပေးနိုင်လောက်အောင် ခိုင်မာတဲ့ အနေအထား မှာ မရှိပါဘူး။ အဲဒီ အခြေကို ဆိုက်သွားခဲ့ရတဲ့ ချဉ်းကပ်ပုံမျိုးု နဲ့ လုံး၀ ကွဲပြားခြားနားတဲ့ ချဉ်းကပ်ပုံတစ်ရပ် ကို ကျွန်တော်တို့ လိုအပ်နေပါတယ်။”

သမ္မတ ရဲ့ အဆိုပြုချက် က အဲဒီ ချဉ်းကပ်ပုံ အသစ်ပါပဲ လို့ မစ္စတာ ဆမ်မား က ပြောပါတယ်။ ဇန်နဝါရီလအတွင်း မှာ အလုပ်ပေါင်း ၆ သိန်း ပျောက်သွားတယ်လို့ အလုပ်သမား ဝန်ကြီးဌာန က အစီရင်ခံထားချက်တစ်ခုတည်း နဲ့တင် မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုတယ် ဆိုတာ ကို ပြသပြီးဖြစ်တယ်လို့ သူ က ဆိုပါတယ်။
အထက်လွှတ်တော် မှာ အဆိုပြုချက် အတည်ပြု ကျသွားခဲ့တယ်ဆိုရင်၊ အထက်လွှတ်တော် ပြဌာန်းချက် နဲ့ အောက်လွှတ်တော် ပြဌာန်းချက် ၂ ရပ် ကွဲပြားခြားနားတာတွေ ကို ကော်မီတီတစ်ရပ် က ညှိုပေးပြီး သမ္မတ အိုဘားမား လက်မှတ်ထိုးဖို့ ပြဌာန်းချက် ကို ပို့ပေးမှာဖြစ်ပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG