အင်ဒိုနီးရှားနိုင်ငံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မကြာခင်သွားရောက်တဲ့အခါ အခုလတ်တလော ဒေသအတွင်း ဂယက်ထနေတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း ဆွေးနွေးမှာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံဘက်ကလည်း ဒီအရေးကိစ္စအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဘာလီအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာအရေး ဒေသအတွင်း အစိုးရတွေက ဘယ်လိုများ ကိုင်တွယ်ဖို့ ကြိုးစားနေကြသလဲဆိုတာ စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကိစ္စဟာ ဒေသအတွင်းမှာ ဂယက်ရိုက်နေတာနဲ့အမျှ ဒီကိစ္စကို ဒေသတွင်းအစိုးရတွေ ဘယ်လို ပူးပေါင်းဖြေရှင်းကြမလဲ စဉ်းစားနေကြတဲ့အထဲ အင်ဒိုနီးရှားနိုင်ငံကလည်း သူ့နည်းသူ့လမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အရင် အင်ဒိုနီးရှားနိုင်ငံက ကမကထလုပ်ထားတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဘာလီနှီးနှောဖလှယ်ပွဲမှာ ဒီကိစ္စကိုတင်ပြီး အခြားအာရှနိုင်ငံတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့တိုင်ပင်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။ ဘာလီနှီးနှောဖလှယ်ပွဲဟာ ရိုဟင်ဂျာကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးစင်မြင့်ဖြစ်တယ်လို့ အင်ဒိုနီးရှားဘက်က ယူဆထားတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တူကူး ဖိုင်ဆာရှားက အခုလိုပြောပါတယ်။
“ကျနော်တို့မှာ ဖြေရှင်းနိုင်တဲ့ ကိုယ်ပိုင်လမ်းကြောင်းတခု ရှိပါတယ်။ ဒါကတော့ ဘာလီနှီးနှောဖလှယ်ပွဲပါ။ သြစတြေးလျနဲ့ အင်ဒိုနီးရှားကနေ ကမကလုပ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက စခဲ့တဲ့ နှီးနှောဖလှယ်ပွဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသအတွင်းက နယ်စပ်ဖြတ်ကျော်တဲ့ မှုခင်းကိစ္စတွေနဲ့ လူကုန်ကူးမှု အကြောင်းရပ်တွေကို ဆွေးနွေးတာဖြစ်တော့ ဒါဟာ ရိုဟင်ဂျာအရေးကိုပါ ဆွေးနွေးဖို့ သင့်တော်ကောင်းမွန်တယ်လို့ ယူဆပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံအများစုက အာရှတိုင်းပြည်တွေပါ။ အလားတူ လှေစီးပြေးတဲ့ ဒုက္ခသည်ကိစ္စမျိုးတွေလည်း ကိုင်တွယ်ဖြေရှင်းခဲ့ဖူးပါတယ်။ အထူးသဖြင့် အာဖဂန်ဒုက္ခသည်တွေကိစ္စပါ။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။”
ထိုင်းဘက်ကလည်း အခုလို လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို ဒေသတွင်း ပူးပေါင်းဖြေရှင်းရေးလုပ်ဖို့ အဆိုပြုထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်မြာအနေနဲ့ အခုအပတ်အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံကို လာရောက်တဲ့အခါမှာ လှေစီးပြေး ရိုဟင်ဂျာတွေကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တူကူး ဖိုင်ဆာရှားကလည်း အခုလိုပြောပါတယ်။
“ဒီခရီးစဉ်ကတော့ အာဆီယံထဲမှာ နိုင်ငံခြားရေးဝန်ကြီး အသစ်ခန့်အပ်တိုင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်နှုတ်ဆက်လေ့ရှိတဲ့ ခရီးစဉ်ပါပဲ။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးကြတဲ့အထဲမှာတော့ ဒီ ရိုဟင်ဂျာကိစ္စဟာလည်း အကြောင်းတခု ဖြစ်လာပါလိမ့်မယ်။”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဘက်မှာလည်း ဒီရိုဟင်ဂျာကိစ္စကို အတော်လေး ခေါင်းခဲနေရတဲ့ သဘောမှာရှိတော့ အခုလို ဒေသတွင်းအစိုးရအချို့ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုခဲ့ကြပါတယ်။ ဒီအတွက် ကုလသမဂ္ဂဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ UNHCR ပြောခွင့်ရသူ ကစ်တီ မက္ကင်းဇီးက ပြောပါတယ်။
“ကျမတို့ဘက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဒီလို ကိုင်တွယ်ဆောင်ရွက်ကြဖို့ကိုလည်း ရက်သီတင်းပတ် အတန်ကြာကတည်းက ကုလသမဂ္ဂဘက်က တောင်းဆိုထားတာပါ။ ဒီဒေသတခုလုံးကနေ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ အခုလို ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ စိတ်ပျက်လက်ပျက်နဲ့ အသက်နဲ့ရင်းပြီး လှေနဲ့ ပင်လယ်ထဲ အခုလို ဘာကြောင့် ထွက်ပြေးကြရသလဲဆိုတာ အကြောင်းရင်း ရှာရပါမယ်။”
ဒါပေမယ့် UNHCR ဘက်ကတော့ ထိုင်းမှာ အထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေသာ တွေ့ခွင့်ရထားပြီး အင်ဒိုနီးရှားရောက်နေတဲ့ ရိုဟင်ဂျာတွေနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဖိုင်ဆာရှားကတော့ UNHCR ဘက်က ဒီလူတွေကို ဘယ်လိုစီစဉ်မလဲဆိုတဲ့ အစီအစဉ်က အင်ဒိုနီးရှားအစိုးရကို အဆိုပြုတာနဲ့ သူတို့ဘက်ကလည်း အရေးယူကိုင်တွယ်မှု စတင်မယ်လို့ ပြောပါတယ်။
“ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဆက်စပ်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ် အသေးစိတ် ဆောင်ရွက်ဖို့တော့ ကျနော်တို့ စောင့်နေဆဲပါ။ သူတို့ဘက်က လုပ်ကိုင်မယ့် လုပ်ငန်းစဉ်ကို ကျနော်တို့ကို တင်ပြပေးဖို့ တောင်းခံထားပါတယ်။ သူတို့ဘက်က တင်ပြပေးပြီဆိုတာနဲ့ ဒီလူတွေ အခြေချရေးကိစ္စ ကျနော်တို့ကလည်း စပြီး ဒီကိစ္စ ကိုင်တွယ်ဆောင်ရွက်မှာပါ။”
ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒုက္ခသည်အနေနဲ့ အသိအမှတ်ပြု လက်ခံတာမလုပ်ချင်ဘဲ အခြားနိုင်ငံတခုခုကို ပြန်ပို့နိုင်ရေးသာ စဉ်းစားနေပါတယ်။ မြန်မာဘက်ကလည်း ဒီလူတွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးလို့ ငြင်းနေပါတယ်။ UNHCR ပြောခွင့်ရသူကတော့ ဒီလို စစ်အစိုးရဘက်က အစဉ်တစိုက် ရပ်တည်ခဲ့တာကြောင့်လည်း ပြဿနာက ပိုကြီးမားလာတာလို့ ယူဆပါတယ်။
“ဒါက မြန်မာအစိုးရက တောက်လျှောက်ပြောဆို ကိုင်စွဲလာတဲ့ ရပ်တည်ချက်ပါ။ ဒါကြောင့်လည်း ဒီလူတွေကို ကုလသမဂ္ဂအနေနဲ့ တိုင်းပြည်မဲ့တွေလို့ သတ်မှတ်ယူဆထားပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ပိုင်ခွင့် ငြင်းပယ်ခံထားရတာကြောင့်ပါ။”
မြန်မာအစိုးရအနေနဲ့ အခုလို ထိုင်းအစိုးရက အဆိုပြုထားတဲ့ ရိုဟင်ဂျာပြဿနာ ဒေသတွင်းအစည်းအဝေးလုပ်ရင် မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်မယ်လို့ ကတိပြုထားတဲ့အကြောင်း မြန်မာနိုင်ငံက ထိုင်းသံအမတ်ကြီးပြောတာ ကိုးကားပြီး The Nation သတင်းစာကြီးက ရေးသားပါတယ်။ ဒါပေမယ့်လည်း မူအရ တက်ရောက်မယ်လို့ ဆိုထားတော့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လာဖို့ လက်ခံစဉ်းစားမယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘဲ ဒေသတွင်းအစည်းအဝေးမို့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ တက်ရောက်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။