သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-နိုင်ငံတကာ ဆက်ဆံရေး ပျော့ပြောင်းလာနိုင်၊ အာဆီယံ သုံးသပ်


တီစီဂျီခေါ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းကူညီရေး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့အတွင်း ဆောင်ရွက်ချက်တွေကြောင့် မြန်မာအစိုးရနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအကြား ယုံကြည်မှုအတိုင်းအတာတခု တည်ဆောက်နိုင်ပြီး ဒီ့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ပိုပြီးပျော့ပြောင်းလာရေး ဦးတည်လာနိုင်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Dr Surin Pitsuwan) က ပြောလိုက်ပါတယ်။ နာဂစ်မုန်တိုင်းသင့် ဒေသအတွက် ၃ နှစ်ကြာ နာလန်ထ ပြန်လည်ထူထောင်ရေး အစီအစဉ်တရပ်အတွက် တီစီဂျီအဖွဲ့က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအသင်းကြီးအနေနဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အများကြီးရရှိတယ်၊ အလားတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လူမှုရေး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အတွေ့အကြုံတွေ အများကြီးရရှိကြတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က အခုလိုပြောပါတယ်။

“ကျနော်တို့ ရရှိခဲ့တဲ့ ဒါမှမဟုတ် တိုးတက်လာတဲ့ ယုံကြည်မှုအဆင့်ကနေ ပူးပေါင်းဆောင်ရွက်မှုမှာ ဒီ့ထက်မက ပိုပြီး ပျော့ပြောင်းလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ တီစီဂျီမှာ ပါဝင်ရတဲ့ အာဆီယံ လူမှုရေးစာနာမှု လုပ်ငန်းအဖွဲ့အနေနဲ့ ပေးထားတဲ့၊ ကန့်သတ်ထားတဲ့ ဘောင်အတွင်းကနေ အကူအညီတွေကို အရေးပေါ်၊ ချက်ချင်းပေးအပ်နိုင်ဖို့ အကူအညီပေးနေတာ ဖြစ်ပါတယ်။ အကန့်အသတ်တွေ အများကြီးရှိနေတဲ့ကြားကပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။”

နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆူနာမီ ဒီရေလှိုင်းသင့်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ကူညီခဲ့တဲ့ ငွေပမာဏဟာ သုံးနှစ်အတွင်း ဒေါ်လာသန်းပေါင်း ၅,၁၄၀ ရှိခဲ့ပြီး အခု တီစီဂျီက တင်ပြခဲ့တဲ့ သုံးနှစ်ကြာစီမံကိန်းအတွက် ဒေါ်လာသန်း ၆၉၀ ပဲ လိုအပ်တယ်လို့ မြန်မာစစ်အစိုးရရဲ့ ၀န်ထမ်းရွေးချယ်ရေးနဲ့ လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူရဲ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူနည်းစုသူပုန်တွေရှိတဲ့ အာချေးပြည်နယ်က လူထုအတွက် နိုင်ငံတကာရဲ့အလှူတွေ ချက်ချင်းအရေးပေါ် ကူညီနိုင်ခဲ့ပြီး မြန်မာပြည်က လူထုအတွက်တော့ စာနာမှုပေးဖို့ နိုင်ငံတကာက အဆင်သင့်ရှိပေမယ့် စစ်အစိုးရက လက်မခံခဲ့တာကြောင့် နှောင့်နှေးခဲ့ရပြီး အာဆီယံရဲ့ ကြားဝင်ပေးမှုကြောင့် အလှူပစ္စည်းတွေ အားလုံးလိုလို အရောက်ပို့ပေးနိုင်ခဲ့တယ်လို့လည်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ရှင်းပြပါတယ်။

နာဂစ်မုန်တိုင်းသင့်ပြီးကာလမှာ နိုင်ငံတကာရဲ့ လူမှုရေးအကူအညီတွေ အရောက်ပို့ရေး အခက်အခဲရှိတာကြောင့် ဒေသခံတွေနဲ့ ပြည်တွင်းက စေတနာရှင်တွေ လူမှုရေးစာနာမှု အကူအညီတွေ ပေးခဲ့ကြရင်း တချို့ကို စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

“ဘယ်မှာပဲဖြစ်ဖြစ် လူတွေအတော်များများ ဒုက္ခရောက် ခံစားနေကြရတာကို စိုးရိမ်မကင်း ဖြစ်ရတာကတော့ လူသားတဦးအနေနဲ့ ရှောင်လွှဲလို့မရတဲ့ ကိစ္စပါ။ လူတစုကို ပေးအပ်လာတဲ့ အရေးပေါ်တာဝန်ကို အကန့်အသတ်တွေကြားက အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ ကြိုးစားနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေက အတော့်ကို ထူးခြားပါတယ်။ သိပ်ကိုခက်ခဲတဲ့ကြားကပဲ နိုင်ငံတကာရဲ့ အကူအညီတွေကို လိုအပ်တဲ့သူတွေဆီ အရောက်ပို့ပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိတယ်။” လို့ သူက ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG