စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို
အများထောက်ခံလာဖို့အတွက် အမေရိကန်
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)
က ရွေးကောက်ပွဲတုန်းကလို စည်းရုံးဟောပြော
တာတွေ လုပ်နေပါတယ်။ စီးပွားရေး နှောင့်နှေး
မှုဒဏ် အထိခိုက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေကို
သွားရောက်ပြီး သူ့ရဲ့ စီးပွားရေးအစီအစဉ်ကို
ထောက်ခံဖို့ ဟောပြောပါတယ်။ အလုပ်လက်မဲ့
တွေ အများဆုံးကြုံတွေ့ရတဲ့နေရာကို သမ္မတ
အိုဘားမား ပထမဆုံး သွားရောက်တာဖြစ်တဲ့
အကြောင်း ပေါ်လာ ဝုဖ်ဆင် (Paula Wofson)
သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။
သမ္မတအိုဘားမား မနေ့ကသွားရောက်တဲ့ အင်ဒီယားနားပြည်နယ် အယ်လ်ခ်ဟာ့တ်
(Elkhart) မြို့ဟာ စီးပွားရေး အကျပ်အတည်းကြောင့် စက်ရုံတွေပိတ်ရပြီး အလုပ်
လက်မဲ့ ၁၅% ရှိနေတဲ့နေရာပါ။ တနိုင်ငံလုံး အတိုင်းအတာ အလုပ်လက်မဲ့နှုန်းထား
ထက် နှစ်ဆပိုများတဲ့ နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ စက်ရုံ
တွေ ပိတ်ပစ်ခဲ့ရပြီး မိသားစုတွေလည်း သူတို့ရဲ့အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။
ဒီအယ်လ်ခ်ဟာ့တ်မြို့လေးရဲ့ အခြေအနေက စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့
အနေအထားကို ပုံဖော်နေတယ်လို့ သမ္မတအိုဘားမားက အခုလိုပြောပါတယ်။
“ကျနော်တို့က မိသားစုရပ်တည်ရေး အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် ဆုံးရှုံးရ
သူတွေ၊ ရှေ့မှာ ဘာတွေဖြစ်မယ်ဆိုတာ မသိတဲ့သူတွေ၊ သူတို့အကြောင်းကို ပြောနေပါ
တယ်။ မိသားစုကျန်းမာရေး စောင့်ရှောက်မှုအတွက် ပေးစရာမရှိတော့လို့ ညအချိန်
ထပြီး ကလေးတွေ မဖျားနာပါစေနဲ့ဆိုပြီး ဆုတောင်းနေရတဲ့ မိဘတွေအကြောင်းကို
ကျနော်တို့ ပြောနေကြတာပါ။ အမေရိကန်ပြည်သူတွေရဲ့ အိပ်မက်၊ အခြေခံဖြစ်တဲ့
နေထိုင်ခိုလှုံရာ အိမ်၊ ဆုံးရှုံးသွားသူတွေအကြောင်းကို ကျနော်တို့ ပြောနေကြတာပါ။”
အိုဘားမား သမ္မတတာဝန်စယူပြီး နောက်ပိုင်းမှာ ပထမဆုံးအကြိမ် လူထုနဲ့ တွေ့ဆုံ
စကားပြောဆိုတာပါ။ သူက လူတွေ ပြန်ပြီးမေးခွန်းထုတ်တာကိုလည်း ဖြေကြားပေးပါ
တယ်။ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ဖို့လိုတယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကွန်ဂရက်စ်
လွှတ်တော်အတွင်းမှာ ကောင်းကောင်းမွန်မွန် ဆွေးနွေးငြင်းခုံခဲ့ပြီးပြီလို့ အိုဘားမားက
ပြောပါတယ်။ ဒီအချိန်ဟာ အရေးယူ ဆောင်ရွက်ရမယ့် အချိန်လို့လည်း သူကပြောပါ
တယ်။
“ဒါကြောင့်လည်း ဒီဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုပေးဖို့ ကျနော်က အမေရိကန်
ကွန်ဂရက်စ်ကို တောင်းဆိုနေတာပါ။ အခု အယ်လ်ခ်ဟာ့တ်မြို့မှာရှိတဲ့ မိတ်ဆွေအပေါင်း
အသင်းတွေ၊ အမေရိကန်ပြည်ထောင်စုတလွှားမှာ နေထိုင်သူတွေ ဒါကို ဝိုင်းဝန်းကူညီဖို့
လိုပါတယ်။ ဝါရှင်တန်မြို့တော်က လွှတ်တော်အမတ်တွေ ဒီကိစ္စကို ဆောင်ရွက်ပေးပါ။
ထပ်ပြီး စောင့်ဆိုင်းနေလို့ မရတော့ပါဘူး။”
အခုလို အင်ဒီးယားနားပြည်နယ် အယ်လ်ခ်ဟာ့တ်မြို့ကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံ
ဆွေးနွေးမှုတွေက သမ္မတအိုဘားမား အနေနဲ့ ဝါရှင်တန်မြို့တော်က အချေအတင်
ဆွေးနွေးပွဲတွေကနေ စီးပွားရေးအခက်အခဲကို အမှန်တကယ် ကြုံတွေ့နေရတယ့်
လူထုကြားကို သွားရောက်တာဖြစ်ပါတယ်။
အိုဘားမားရဲ့ အဆိုပြုချက် စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ဟာ အစိုးရရဲ့
အသုံးစရိတ် မလိုအပ်တာတွေ အများအပြား ထည့်ထားတယ်လို့ ရီပတ်ဗလစ်ကန်
ဘက်က ဝေဖန်နေတာပါ။
ဒါပေမယ့်လည်း သမ္မတအိုဘားမားကတော့ ဒီငွေတွေကို ဘယ်လိုသုံးမယ်၊ ဘယ်နေရာ
တွေအတွက် သုံးမယ်ဆိုတာတွေကို အဆင့်တိုင်းမှာ ပြည်သူတွေကို သေချာအသိပေး
အကြောင်းကြားနိုင်ဖို့ လိုအပ်တာတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဒီဥပဒေကို အတည်ပြုရပါလိမ့်မယ်။ ဒီငွေတွေကို ကောင်းကောင်းမွန်မွန်
သင့်တော်တဲ့နည်းလမ်းနဲ့ သုံးနိုင်အောင် ကျနော်တို့ လုပ်ရပါလိမ့်မယ်။ ဆိုလိုတာက
အရင်က တခါမှမလုပ်ဘူးတဲ့ အနေအထား၊ ငွေကို အမြန်ဆုံးထုတ်ရမယ်၊ တချိန်တည်း
မှာ ဒီငွေတွေကို အမြော်အမြင်ရှိရှိ သုံးရပါလိမ့်မယ်။”
သမ္မတအိုဘားမားဟာ ကျနော်တို့ အသံလွှင့်နေတဲ့အချိန်ဝန်းကျင် အမေရိကန်
ပြည်ထောင်စုရဲ့ တနင်္လာနေ့ညနေမှာ ဝါရှင်တန်မြို့တော်ကို ပြန်လာပြီး အထူးသတင်း
စာရှင်းလင်းပွဲ ကျင်းပဖို့ရှိပါတယ်။ ဒီလို အလားတူ သူ့ရဲ့ စီးပွားရေးအစီအစဉ်တွေကို
ထောက်ခံဖို့ ဆွေးနွေးပွဲတွေကို မနက်ဖြန် အင်္ဂါနေ့ ဖလော်ရီဒါပြည်နယ် ဖို့တ် မိုင်ယာစ်
(Fort Myers) နဲ့ ကြာသပတေးနေ့မှာတော့ အီလီနွိုင်းပြည်နယ် ပီရိုရီယာ (Peoria) မြို့
တွေကို သမ္မတအိုဘားမား သွားရောက်ဖို့ရှိပါတယ်။