သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ တိုက်ပွဲသံတွေကြား အစ္စရေးလ် ရွေးကောက်ပွဲ ကျင်းပ


ဒီကနေ့ အင်္ဂါနေ့မှာ အစ္စရေးလ်နိုင်ငံသားတွေဟာ
ဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်ကြ
တော့မှာပါ။ ရွေးကောက်ပွဲမှာ အဓိကအကြောင်း
အရာကတော့ လုံခြုံရေးကိစ္စပဲ ဖြစ်ပါတယ်။ လူထု
စစ်တမ်းတွေမှာတော့ ဘင်ဂျမင် နာတန်ယာဟု
(Benjamin Netanyahu) နဲ့ သူ့ရဲ့ လီကွတ်ပါတီက
ဦးဆောင်နေပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ
အကြမ်းဖက် တိုက်ခိုက်တာတွေက ဆက်လက်
ဖြစ်ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲတွေကို
ကျင်းပမှာဖြစ်ပါတယ်။ ဗွီအိုအေ ဂျေရုစလင်
သတင်းထောက် လူးဝစ္စ ရာမီရက်ဇ် (Luis
Ramirez) သတင်းပေးပို့ထားတာကို
ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ ကောင်းကင်မှာ အစ္စရေးလ် စစ်လေယာဉ်ပျံတွေက ပျံဝဲနေကြ
ပါတယ်။ တနင်္ဂနွေနေ့က အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်အဖွဲ့က လောင်ချာ
ဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်ကို ပစ်မှတ်ထား
ပြီး အစ္စရေးလ်လေယာဉ်ပျံတွေက ပစ်ခတ်နေကြတာပါ။ အစ္စရေးလ် ကင်းလှည့်တပ်ဖွဲ့
တဖွဲ့ကို တိုက်ခိုက်ရာမှာ အဖွဲ့ဝင်တယောက် သေဆုံးသွားခဲ့တယ်လို့ အစ္စလမ္မစ် ဂျီဟတ်
စစ်သွေးကြွအုပ်စုက ပြောပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲတွေမှာ အဓိကယှဉ်ပြိုင်နေကြတဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်သူတွေက
တော့ လက်ျာ လီကွတ်ပါတီခေါင်းဆောင် ဘင်ဂျမင် နာတန်ယာဟုနဲ့ အလယ်ဗဟို
သဘောထားရှိပြီး လက်ရှိအစိုးရဖြစ်နေတဲ့ ကာဒီးမားပါတီခေါင်းဆောင် ဇစ်ပီ လစ်ဗ်နီ
(Tzipi Livni) တို့ပဲ ဖြစ်ကြပါတယ်။ သူတို့ ၂ ဦးကြားမှာ ထောက်ခံမှု သိပ်မကွာလှဘူးလို့
လူထုစစ်တမ်းတွေက ပြသနေပါတယ်။

မစ္စတာနာတန်ယာဟုဟာ အမေရိကန်မှာ ပညာသင်ခဲ့တဲ့သူဖြစ်ပြီး ယခင်ဝန်ကြီးချုပ်
လည်း ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာကို အာရုံစိုက်မယ့်
အစား စီးပွားရေးပြဿနာတွေကို သူက အာရုံစိုက် ဆောင်ရွက်ချင်ပါတယ်။ ဟားမတ်စ်
ကို ဖြုတ်ချဖို့လည်း သူက ဆော်သြထားပါတယ်။

လစ်ဗ်နီကတော့ ပါလက်စတိုင်းတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ညှိနှိုင်းရေးမှူးချုပ်အဖြစ်
ဆောင်ရွက်ခဲ့သူပါ။ အစောပိုင်း သဘောတူညီချက်တွေနဲ့အညီ ပါလက်စတိုင်း
နိုင်ငံတော်တရပ် ထူထောင်ရေးကို သူမက ထောက်ခံပါတယ်။

ရွေးကောက်ပွဲနေ့မှာ မိုးရွာမယ်လို့ မိုးလေဝသက ခန့်မှန်းထားတာရယ်၊ မဲပေးမယ့်သူ
တော်တော်များများကလည်း သူတို့စိတ်ကို မဆုံးဖြတ်နိုင်ကြသေးတာရယ် ဒါမှမဟုတ်
မဲလာပေးဖွယ် မရှိတာရယ်ကြောင့် အင်္ဂါနေ့မှာ မဲလာထည့်မယ့်သူက နည်းလိမ့်မယ်လို့
ခန့်မှန်းထားကြပါတယ်။

အနောက်ပိုင်း ဂျေရုစလင် လမ်းတွေပေါ်မှာ လူတချို့က မဲမပေးတော့ဘူးလို့ စဉ်းစား
ထားကြပါတယ်။ လူထုစစ်တမ်းတွေမှာ စိတ်မဆုံးဖြတ်နိုင်သေးတဲ့ အစ္စရေးလ်တွေ
ဆိုတာ အဲဒီသူတွေကို ပြောတာပါ။ မဲပေးဖို့ နာရီပိုင်းပဲ လိုချိန်အထိ သူတို့စိတ်ကို
မဆုံးဖြတ်ရသေးပါဘူး။ အဲဒီအထဲမှာ အခုတွေ့ဆုံမေးမြန်းခဲ့သူလည်း ပါဝင်ပါတယ်။
ဂါဇာမှာဖြစ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တွေကြောင့် သူဟာ လက်ျာပါတီတွေကို မဲပေး
ကောင်းပေးမယ်လို့ သူက ပြောပါတယ်။

“ကာဒီးမားပါတီပဲဖြစ်ဖြစ်၊ လေဘာပါတီပဲဖြစ်ဖြစ်၊ လီကွတ်ပါတီပဲဖြစ်ဖြစ်၊ စသဖြင့်ပေါ့
ဗျာ ... လက်ရှိ အစ္စရေးလ်ခေါင်းဆောင်တွေက အများအားဖြင့် အခွင့်အရေးသမား
တွေပါ။ သူတို့က သူတို့အိပ်ထောင်၊ သူတို့ပိုက်ဆံအတွက် ကောင်းနိုင်တာကိုပဲ စဉ်းစား
နေကြတာပါ။ ဂါဇာမှာလိုအပ်တာ သူတို့ ဘာများလုပ်ကြသလဲဗျာ။ အံမခန်းတခုခုကို
သူတို့လုပ်ပြီးကြသလား။ သူတို့ ပြီးအောင် ဘာမှမလုပ်ကြပါဘူး။ ဒါက တွေ့နေကျ
အဖြစ်ပါပဲ။”

အာဗစ်ဂ်ဒေါ လီဘာမင်း (Avigdor Leiberman) ဦးဆောင်တဲ့ လကျ်ာစွန်း အစ္စရေးလ်
ဘေတိန်နု (Yisreil Beiteinu) ပါတီအပေါ် ထောက်ခံလာကြတာက ရုတ်ချည်းများလာ
တာကို လူထုသဘောထား စစ်တမ်းတွေက ပြပါတယ်။ လီဘာမင်းဟာ နာတန်ယာဟုနဲ့
လစ်ဗ်နီတို့ပြီးရင် တတိယနေရာမှာ ရှိနေတာကို လူထုစစ်တမ်းတွေက ပြနေပါတယ်။
လီဘာမင်းက ရုရှားမှာ မွေးခဲ့တာပါ။ အစ္စရေးလ်နိုင်ငံတွင်းမှာ ရှိနေတဲ့ အာရပ်အသိုက်
အဝန်းတွေကို ပါလက်စတိုင်းတွေ အုပ်ချုပ်နေတဲ့ အနောက်ဘက်ကမ်းကို လွှဲအပ်ဖို့
သူက ဆော်သြနေပါတယ်။ အစ္စရေးလ်နိုင်ငံသားဖြစ်နေတဲ့ အာရပ်တွေဟာ ဂျူးနိုင်ငံ
တော်ကို သစ္စာရှိကြောင်း ပြသဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

လီဘာမင်း ဝန်ကြီးချုပ်အဖြစ် အရွေးခံရမယ်လို့ ဘယ်သူကမှ ကြိုမပြောကြပါဘူး။
ဒါပေမယ့် အင်္ဂါနေ့ ရွေးကောက်ပွဲမှာ နိုင်တဲ့သူဟာ ညွန့်ပေါင်းအစိုးရကို ဖွဲ့ရမှာပါ။ အဲဒီ
ညွန့်ပေါင်းအဖွဲ့မှာ လီဘာမင်းရဲ့ နိုင်ငံရေးပါတီကလည်း ပါဝင်နိုင်ပါတယ်။ အင်္ဂါနေ့မှာ
သူ့ပါတီအပေါ် ထောက်ခံတာကို ခိုင်ခိုင်မာမာရခဲ့ရင် ညွန့်ပေါင်းအစိုးရအသစ်မှာ
သူဟာ သြဇာကြီးမားလာလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်။

ရွေးကောက်ပွဲ အစောပိုင်းရလဒ်တွေကို အင်္ဂါနေ့နှောင်းပိုင်းမှာ သိရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG