အမေရိကန်ကသာ နည်းပရိယာယ် အပြောင်း
အလဲ မဟုတ်ဘဲ အခြေအမြစ်ကစ အပြောင်းအလဲ
တရပ်ကို ကမ်းလှမ်းခဲ့မယ်ဆိုရင် အီရန်ဟာ
အမေရိကန်နဲ့ စတင်ဆွေးနွေးဖို့ အဆင်သင့်ရှိပါ
တယ်လို့ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်
(Mahmoud Ahmadinejad) က ပြောပါတယ်။
အီရန်နိုင်ငံရဲ့ အစ္စလမ်တော်လှန်ရေး အနှစ် ၃၀
မြောက်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာ
မှာ သူက အဲဒီလိုပြောခဲ့တာပါ။ အမေရိကန်သမ္မတ
အိုဘားမားကလည်း အီရန်နဲ့ အမေရိကန်ကြား
မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ဖို့
အခြေအနေတွေကို မကြာခင် အနာဂတ်မှာ ဖန်တီးမယ်လို့ ပြောခဲ့တာရှိတော့ နှစ်နိုင်ငံ
ကြား စားပွဲဝိုင်းထိုင် ဆွေးနွေးမှုတွေဖြစ်လာဖို့ လမ်းစ မြင်နေရပြီလားဆိုတာ ဗွီအိုအေ
သတင်းထောက် အက်ဒ်ဝပ်ဒ် ယာရာနီယမ် (Edward Yeranian) ကိုင်ရိုက သတင်း
ပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။
တီဟီရန်မြို့ အဇာဒီရင်ပြင်မှာ အလံတွေဝှေ့ယမ်း ထောက်ခံနေကြသူတွေကို အီရန်
သမ္မတ မာမွတ် အမာဒီနီဂျက်က အီရန်နိုင်ငံရဲ့ အစ္စလမ်တော်လှန်ရေး အနှစ် ၃၀
မြောက် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောခဲ့ပါတယ်။
သောင်းချီတဲ့ အီရန်ပြည်သူတွေကလည်း တီဟီရန်မြို့တလွှားမှာ ဆန္ဒပြနေကြပါတယ်။
အလံတွေ၊ ပူဖောင်းတွေနဲ့ တံခွန်စာတမ်းတွေကို ကိုင်ဆောင်ပြီး အမေရိကန် ကျဆုံးပါ
စေ၊ အစ္စရေးလ် ကျဆုံးပါစေဆိုတဲ့ ဖန်တရာတေ ကြွေးကြော်သံတွေကို ကြွေးကြော်
နေကြပါတယ်။
မိန့်ခွန်းက ယခင် အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) အကြောင်းတွေ
အပါအ၀င် ပြောနေကျ လေလုံးထွားတဲ့စကားတွေကိုပဲ ပြောတာပါ။ ဒါပေမယ့်
တကယ်လို့သာ နှစ်ဦးနှစ်ဖက် လေးစားတဲ့ အခြေအနေတရပ်သာ ရှိမယ်ဆိုရင်
အမေရိကန်နဲ့ အီရန်နိုင်ငံက ဆွေးနွေးလိုပါတယ်လို့ မစ္စတာ အမာဒီနီဂျက်က
လူအုပ်ကြီးကို မိန့်ခွန်းပြောခဲ့ပါတယ်။
“မူဝါဒကို ပြောင်းလဲလိုပြီး တွေ့ဆုံဆွေးနွေးရေး စချင်တယ်လို့ အမေရိကန် အစိုးရ
အသစ်က ကြေညာခဲ့ကြောင်း သူက ပြောပါတယ်။ တကယ့်အပြောင်းအလဲဆိုတာက
အခြေအမြစ်ကျကျ ပြောင်းတာသာဖြစ်ပြီး နည်းပရိယာယ်အရပြောင်းတာ မဟုတ်ပါဘူး
ဆိုတာ ကျနော်တို့အဖို့တော့ ရှင်းလှပါတယ်” လို့ သူက အထူးပြုပြောပါတယ်။ တကယ့်
အပြောင်းအလဲမျိုးဆိုရင် အီရန်က ကြိုဆိုမှာ သိသာလှပါတယ်လို့ သူကဆိုပါတယ်။
အီရန်နိုင်ငံက စကားပြောဖို့ အဆင်သင့်ရှိပါတယ်၊ ဒါပေမယ့် မျှတပြီး အပြန်အလှန်
လေးစားတဲ့ အခြေအနေမျိုးမှာ ဖြစ်ရမယ်လို့ သူက နိဂုံးချုပ်ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့ တိုက်ရိုက်စကားပြောကြဖို့ သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) က တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ
တယ်။ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ဟာ မကြာမီ အနာဂတ်မှာပဲ မျက်နှာချင်းဆိုင်၊
စားပွဲ တဖက်တစ်ချက်စီမှာ ထိုင်နိုင်ကြတဲ့ အခြေအနေ၊ အနေအထားတွေကို ဖန်တီးဖို့
သူရည်ရွယ်ပါတယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။
“ကျနော့်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က အီရန်နိုင်ငံဆိုင်ရာ လက်ရှိမူဝါဒကို ပြန်သုံးသပ်
နေပါတယ်။ အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးရေးဖြစ်နိုင်မယ့် နယ်ပယ်တွေကို
ကြည့်နေပါတယ်။ အဲဒီနယ်ပယ်တွေမှာ သူတို့နဲ့ ကျနော်တို့ တိုက်ရိုက် ဆက်ဆံ
ပတ်သက်နိုင်ပါတယ်။ စားပွဲတဖက်တချက် မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးနိုင်ကြ
မယ့် အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့အတွက် လာမယ့်လတွေမှာ နည်းလမ်းရှာဖွေ
နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”
အီရန်နိုင်ငံနဲ့ နိုင်ငံတကာ အသိုက်းအ၀န်းကြား ဆက်ဆံရေးက မကြာခင်နှစ်တွေ
အတွင်း အဆင်မချောခဲ့ကြပါဘူး။ အကြောင်းကတော့ အီရန်နိုင်ငံက ယူရေနီယမ်
သန့်စင်ရေးကို ပြန်လုပ်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ဆက်လက်လုပ်မယ်လို့
မလျှော့တမ်း ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။
နျူကလီးယား အစီအစဉ်ဟာ အရပ်ဖက်မှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ အစီအစဉ်
ဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အခြားနိုင်ငံတွေကတော့
နျူကလီးယားလက်နက် ထုတ်လေမလား သံသယရှိကြပါတယ်။
“အီရန်နိုင်ငံဟာ တကယ့်အစစ်အမှန် မဟာအင်အားကြီးတိုင်းပြည် ဖြစ်လာခဲ့ပြီ” လို့
အင်္ဂါနေ့မှာပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ အမာဒီနီဂျက်က ပြောခဲ့ပါတယ်။
ပြည်တွင်းအင်အားနဲ့ တည်ဆောက်ခဲ့တဲ့ ဂြိုဟ်တုတလုံးကို မကြာခင်က လွှတ်တင်နိုင်
ခဲ့တာ အပါအ၀င် သိပ္ပံတိုးတက်မှု အမျိုးမျိုးကို သူညွှန်းပြီး အဲဒီလိုပြောခဲ့တာပါ။
အရင်အပတ်က အဲဒီလို ဂြိုဟ်တုပစ်လွှတ်လိုက်တာကြောင့် အနောက်နိုင်ငံတွေက
သိပ္ပံအသိုင်းအ၀ိုင်းမှာ ကျောချမ်းစရာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂြိုဟ်တု
ကို အာကာသထဲ တင်ပို့နိုင်တဲ့ ရော့ကက်ဒုံးပျံကို သိပ္ပံပညာ ရည်ရွယ်ချက်အတွက်
လည်း သုံးနိုင်သလို စစ်ရေးရည်ရွယ်ချက်တွေအတွက်လည်း သုံးနိုင်တာကြောင့်ပါပဲ။
အလိုအလျောက် ပဲ့ထိန်းစနစ်သုံး တာဝေးပစ်ဒုံးကျည်တွေကို ပစ်လွှတ်ရာမှာလည်း
အဲဒီဒုံးပျံစနစ်ကို အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။