သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် ကမ္ဘာတ၀န်း ဖိနှိပ်ခံနေရဆဲ


ကမ္ဘာတ၀န်းမှာ အသတ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ၂၀၀၁ ခုနှစ် ကတည်းကနေဆိုရင် ကျဆင်းသွားတယ်လို့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာရေးအဖွဲ့တဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အမှန်တရားကို ဖုံးအုပ်ဖိနှိပ်ဖို့ရည်ရွယ်ပြီး သတင်းထောက်တွေကို အကြမ်းဖက်တာ၊ အနှောက်အယှက် ပေးတာတွေကတော့ ဆက်ပြီးရှိနေတုန်းပါပဲ။ ဒီအကြောင်း ကုလသမဂ္ဂဌာနချုပ်ကနေ ဗွီအိုအေသတင်းထောက် Margaret Besheer က သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

၂၀၀၈ ခုနှစ်အတွင်း သတင်းထောက် ၄၁ ယောက် အသတ်ခံခဲ့ရတဲ့အတွက် ၂၀၀၇ ခုနှစ်က ၆၃ ယောက် သေဆုံးခဲ့တာနဲ့စာရင် လျော့ကျသွားတယ်လို့ သတင်းထောက်ကာကွယ်ရေးကော်မတီ CPJ က နှစ်စဉ်ထုတ်ပြန်တဲ့ စာနယ်ဇင်းပေါ် တိုက်ခိုက်မှုများလို့ အမည်ရတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
CPJ ဥက္ကဋ္ဌ Paul Steiger က -
“သတင်းထောက်တာဝန် ထမ်းဆောင်ရင်း အသတ်ခံရတဲ့ သတင်းထောက် အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် အတွင်းမှာ သိသိသာသာ ကျဆင်းသွားတာ ဒါ ပထမဆုံးအကြိမ်ပါ။ အီရတ်နိုင်ငံက အသေအပျောက်နှုန်းတွေ ကျသွားလို့ပါ။ ဒါပေမယ့် အသတ်ခံရတဲ့ သတင်းထောက် အရေအတွက်က ပြီးခဲ့တဲ့ နှစ်မှာ ၄၀ ကျော် နှစ်နှစ်အတွင်းမှာ ၁၀၀ ကျော်ဆိုတော့ များနေတုန်းပါပဲ။ အဲဒီထဲက ၇၀% ဟာ သတင်းထောက်မှန်းသိသိနဲ့ တမင်ကို အသတ်ခံကြရတာပါ။”

အခုလို အသေအပျောက်နှုန်း အရင်နှစ်ကထက် ကျဆင်းလာရတဲ့ အကြောင်းအရင်းတွေထဲမှာ အများဆုံးကတော့ အီရတ်မှာ လုံခြုံရေး အခြေအနေ ပိုပြီး တိုးတက်လာလို့ ဖြစ်တယ်လို့ အစီရင်ခံစာရေးသူတွေက မှတ်ချက်ပြုလုပ်ထားပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း အီရတ်က သတင်းထောက် ၁၁ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် အတော်ကြီး သိသိသာသာ ကျဆင်းသွားတယ်ဆိုပေမယ့် အီရတ် နိုင်ငံဟာ သတင်းထောက်တွေအတွက် အင်မတန် အန္တရာယ်များတဲ့နေရာအဖြစ် ရှိနေတုန်းပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းထောက် ၁၂၅ ဦး ထောင်သွင်း အကျဉ်းချခံရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါသေးတယ်။ အဲဒီအထဲက ၄၅% ကျော်ဟာ ဘလော်ဂါတွေ၊ ၀က်ဆိုက်ဒ်သတင်းထောက်တွေ၊ အွန်လိုင်း အယ်ဒီတာတွေ စသဖြင့် အင်တာနက်နဲ့ ဆိုင်တဲ့ သတင်းသမားတွေ ဖြစ်ကြပါတယ်။

အခု စီပီဂျေရဲ့ အစီရင်ခံစာကိုတော့ အမေရိကန်သတင်းထောက် ကားလ် ဘန်းစတိုင်း (Carl Bernstein) က နိဒါန်းရေးပေးထားပါတယ်။ စာနယ်ဇင်းတွေအနေနဲ့ ရေးသားတဲ့ အကြောင်းအရာတွေကို ကိုယ့်ဘာသာ သတိထား စိစစ် တည်းဖြတ်အောင် ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်မှုတွေ လုပ်တာတွေနဲ့ အမှန်တရားကို ဖုံးကွယ် ထိန်းချုပ်ထားတာတွေကြောင့် တိုင်းပြည်အတော်များများ မှာ သတင်းလွတ်လပ်မှုကို ထိခိုက်စေတဲ့အကြောင်း ဘန်းစတိုင်းက အစီရင်ခံစာ ထုတ်ပြန်တဲ့ အင်္ဂါနေ့ ကုလသမဂ္ဂသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စာနယ်ဇင်းသမားတွေအပေါ် ဆိုးဆိုးရွားရွား ယုတ်မာလာတာတွေကို တွေ့ရပါတယ်။ သတင်းထောက် မိသားစုတွေကို ပြန်ပေးဆွဲတာမျိုး၊ သတင်းထောက်တွေကို တမင်ရွေးပြီး သတ်ဖြတ်တာမျိုး၊ သတင်းထောက်တွေက ကိုယ့်ကိုယ်ကို သတင်းတွေကို စိစစ်ထိန်ချန်လာအောင် ဖိအားပေးတာမျိုး၊ အဆိုးရွားဆုံး အခြေအနေအောက်မှာ အဲဒီနည်းတွေဟာ သတင်းစာနယ်ဇင်း ပိတ်ဆို့မှုအတွက် ထိထိရောက်ရောက်ရှိနေပါတယ်။”

သတင်းထောက်လောကကို ရန်လို မုန်းတီးတဲ့ နိုင်ငံတွေထဲမှာတော့ ရုရှား၊ တရုတ်၊ အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ မြန်မာ၊ ဇင်ဘာဘွေနဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ကြပါတယ်။ အဲဒီနိုင်ငံက ဘလော်ဂါတွေဟာ၊ အစိုးရတွေ၊ တခြား လက်နက်ကိုင်အဖွဲ့၊ ဒါမှမဟုတ် ရာဇ၀တ်ဂိုဏ်းတွေရဲ့ သတ်ဖြတ်တာ ဖမ်းဆီးထောင်ချတာတွေ ခံကြရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ သတင်းသမားတွေရဲ့ မိသားစု၊ ဆွေမျိုးတွေဟာလည်း ပြန်ပေးဆွဲခံရတာမျိုး၊ နှိပ်စက်ညှဉ်းပန်းခံရတာမျိုးတွေ ရှိတယ်လို့လည်း ရေးသားထားပါတယ်။ သတင်းလွတ်လပ်ခွင့်အတွက် အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ထောက်ခံသွားဖို့ သမ္မတ ဘရက် အိုဘားမားကိုလည်း စီပီဂျေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ဂွမ်တာနာမို စစ်အကျဉ်းစခန်းမှာ သတင်းထောက် ၁၄ ဦးကို တရား ဥပဒေအရ စီရင်မှု မရှိဘဲ အချိန်ကြာကြာ ထိန်းသိမ်းထားတာကိုလည်း အစီရင်ခံစာက ရေးသား ဖော်ပြပါတယ်။ ဒီကိစ္စဟာ ကမ္ဘာတ၀န်း သတင်းလွတ်လပ်ခွင့်အတွက် မီးပြ တန်ဆောင်လိုဖြစ်စေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့လည်း စီပီဂျေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG