သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားတွေကို ထိုင်းအာဏာပိုင်တွေ ရိုက်နှက်ဖမ်းဆီး


မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်နေကြပြီးတော့ ရှမ်းတိုင်းရင်းသား အများစုပါဝင်သူတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ လုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးတာတွေ လုပ်လာတာ အခုဆိုရင် ရာဂဏန်းအထိ ရှိသွားပြီလို့ သိရပါတယ်။ ဒီတပတ်ထဲမှာတုန်းကပဲ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၂ ယောက်က ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက် ဖမ်းဆီးမှုတွေ လုပ်လာတာပါ။ ဒီအတွက်ကြောင့်လည်း အလုပ်သမားအခွင့်အရေး စောင့်ကြည့်နေသူတွေကြား စိုးရိမ်မကင်းဖြစ်သံတွေလည်း ထွက်လာနေပါတယ်။ ချင်းမိုင်မြို့က နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲမှာ လာပြီး အလုပ်လုပ်ကိုင်နေကြတဲ့ အထဲက ရှမ်းတိုင်းရင်းသား အများအပြား အခြေချ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဒီရက်တွေအတွင်း အဖမ်းအဆီးတွေကို ဆက်တိုက်ဆိုသလို လုပ်နေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ချင်းမိုင်မြို့ မယ့်ဂျိုးတက္ကသိုလ်က ထိုင်းကျောင်းသူတဦးကို အနီးအနားက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာရှိတဲ့ ရှမ်းတိုင်းရင်းသား အလုပ်သမား ၂ ယောက်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်းနောက်ပိုင်း ကျောင်းသားတွေက အလုပ်သမားတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တဲ့နောက် ဒီလို အဖမ်းအဆီးတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်လာတာပါ။ အခုဆိုရင်လည်းပဲ ရှမ်းလူမျိုး အများအပြား အလုပ်လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လို လုပ်ငန်းတွေကို ထိုင်းရဲတွေက ပစ်မှတ်ထား ဖမ်းဆီးနေတာ အခုဆိုရင် အနည်းဆုံး ၂ ရာလောက်အထိ ဖမ်းဆီးခံခဲ့ရပြီးပြီလို့လည်း ဆိုပါတယ်။ အခုနောက်ဆုံး အဖမ်းအဆီးတွေထဲမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ရှမ်းတိုင်းရင်းသား တဦးက သူ့အတွေ့အကြုံကို ပြောပြတာကတော့ -

“ထိုင်းနိုင်ငံမှာ မှတ်ပုံတင်က မရှိတော့ ကျွန်တော်က လွတ်လာတော့ အလုပ်လုပ်ပြီးတော့ အိမ်ထိ လိုက်လာပြီး ခြေထောက်ကို ရိုက်ပြီးတော့ ဆုံးမသွားတော့တယ်။ အခုတော့ သူငယ်ချင်းတယောက်ဆီမှာ နေနေရတယ်။”
အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ လာရောက်ဖမ်းဆီးတုန်း ထွက်ပြေးပြီး အခုအခါမှာ တခြားမိတ်ဆွေ အလုပ်သမား တယောက်ဆီမှာ နေနေရတဲ့ ရှမ်းတိုင်းရင်းသား အလုပ်သမား တဦးပါ။ ဒီလို အဖမ်းအဆီးတွေ ဆက်တိုက် ဖြစ်နေလို့ အခုဆိုရင် အလုပ်သမားတွေ ၂ ရာလောက်တောင် ရှိနေပြီလို့ ဒီအကြောင်း ကိုယ်တိုင်သတင်းလိုက်လံ စုံစမ်းနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ သတင်းထောက်တဦးဖြစ်တဲ့ ဆန်းခိုင်ဖ ကလည်း ပြောပါတယ်။
“ရှမ်းတိုင်းရင်းသားတွေ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်တာများတယ်။ မနေ့ကထိ ကျမတို့ သိရသလောက် ကနဗြူးဆိုတဲ့နေရာက ၃၈ယောက် ရခဲ့တယ်။ ဒီနေ့လည် ၁၂နာရီလောက်က ၂၀ကျော်ပါသွားတယ်။ မယ်ကျို့မှာလည်း ၁၀၀ကျော်လောက်ပါသွားတယ်။ စုစုပေါင်း ၂၀၀ကျော်လောက် ရှိသွားပြီ။”

ဒီလို အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်နေလို့ နဂိုကမှ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြား အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအဖို့ ပိုလို့စိုးရိမ်ပူပမ်စရာ ဖြစ်ရတဲ့အကြောင်း ချင်းမိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အကူအညီပေးရေးအစီအစဉ် (MAP Foundation) ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Jackie Pollock က ပြောပါတယ်။

“စိုးရိမ်ပူပမ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုလိုစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင် အလုပ်အကိုင်တွေ ဆုံးရှုံးနေရတဲ့အတွက် အစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းပြီးတာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ် တုန့်ပြန်မှုမျိုး ဖြစ်နိုင်လို့ပါ။ လတ်တလော အခြေအနေမှာတော့ အလုပ်သမားအများစုဟာ အထောက်အထား စာရွက်စာတမ်းမရှိတဲ့အတွက် ဥပဒေက ပြောထားတဲ့အထိုင်း ဖမ်းဆီးမယ်၊ နေရပ်ရင်းပြန်ပို့မယ်ဆိုတာမျိုးတွေ လုပ်မှာပါ။ ဒီအတွက်ကြောင့်မို့လို့လည်း ကျမတို့အနေနဲ့ သူတို့ကို အကာအကွယ်ပေးဖို့ ခက်ခဲတဲ့ အနေအထားမှာရှိပါတယ်။”

လတ်တလော အခြေအနေမှာတော့ သူတို့အနေနဲ့ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဖမ်းဆီးနှိမ်နင်းနေတာတွေကို စောင့်ကြည့်သွားဖို့ နေရပ်ရင်းပြန်ပို့တာတွေ လုပ်လာရင်လည်း ဂုဏ်သိက္ခာရှိရှိ ဖြစ်ဖို့တတ်နိုင်သမျှ လုပ်သွားဖို့တော့ ရှိနေပါတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားများ အကူအညီပေးရေးအစီအစဉ် (MAP Foundation) ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Jackie Pollock က ပြောပါတယ်။ MAP အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရဆိုရင်တော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာတင် ရှမ်းတိုင်းရင်းသား အများစုပါဝင်တဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းလောက် ရှိနေပြီးတော့ ဒီအထဲက ၁၀ ရာခိုင်နှုန်းလောက်ကသာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အထောက်အထား ကိုင်ဆောင်ထားသူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG