ဇင်ဘာဘွေ နိုင်ငံမှာ နိုင်ငံရေး ပြိုင်ဘက်များ ဖြစ်ကြတဲ့ သမ္မတနဲ့ အတိုက်အခံတို့အကြား အာဏာ ခွဲဝေယူ ပြဿနာ ဖြေရှင်းလိုက်ပါပြီ။ ဥပဒေအရ လိုအပ်တဲ့အတိုင်း သမ္မတ ရောဘတ်မူကာဘေ က တိုင်ပေးတဲ့အတိုင်းပဲ မော်ဂန်ချန်ကရိုင်း က ကျွနု်ပ် မော်ဂန် ရစ်ချက် ချန်ကရိုင်းသည် ဇင်ဘာဘွေ သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါသည်။ ဘုရားသခင် ကူညီတော်မူပါလို့ တိုင်တည် ပြောဆိုသွားတာပါ။
မြို့တော် ဟယ်လာရီ အားကစားကွင်းရှိ ပရိတ်သတ် ၁၀၀၀၀ကျော်အား နိုင်ငံက လူတွေ သန်းနဲ့ချီ ထွက်ပြေးကုန်ရအောင် စီးပွားရေး ပျက်ယွင်း စားနပ်ရိက္ခာ ပျက်တောက်မှုကိစ္စကို အဓိကထား ကိုင်တွယ်သွားမယ်။ ဒီလို အခြေအနေဆိုးကြီးကို ပြင်ဖို့ ဆိုတာ အချိန်တော့ ယူရလိမ့်မယ်လို့ မိန့်ကြားသွားပါတယ်။
ကျမ်းသစ္စာ ကျိန်ဆိုပွဲ ဖြစ်မြောက်အောင် စေ့စပ်ဆွေးနွေးရတာ အချိန်ကြာ ခက်ခဲကြောင်း သမ္မတ မူကာဘေ ကရော ဝန်ကြီးချုပ် ချန်ကရိုင်းကပါ အသိအမှတ်ပြု ပြောဆိုပါတယ်။ ဇင်ဘာဘွေမှာ ညီညွတ်ရေး အစိုးရ ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့က ကြိုဆိုလိုက်ကြပြီး ဒဏ်ခတ် အရေးယူမှု မလျော့ပေးဘဲ၊ ဖွင့်ဖြိုးမှု အထောက်အပံ့ မပေးသေးဘဲ အစိုးရသစ် ထိရောက်မှု ရှိမရှိ စောင့်ကြည့်ဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ကြေညာပါတယ်။
ဇင်ဘာဘွေ အစိုးရ တရားဝင်မှု၊ စီးပွားရေး တိုးတက်မှု စတဲ့ အကဲစမ်းမှုများကို ဝန်ကြီးချုပ် ချန်ကရိုင်း ရင်ဆိုင်ရလိမ့်မယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် မီလီဘန်း က ပြောဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကြိုဆိုကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။