သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အန်န်အယ်လ်ဒီ စီအီးစီ ဦးဆောင် လက်မှတ်စုဆောင်း


ဒီနေ့ကျရောက်တဲ့ ၆၂ နှစ်မြောက်
ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေ
ကိုယ်တိုင်ဦးဆောင်ပြီး ဒေါ်အောင်ဆန်း
စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး လက်မှတ်ရေးထိုး
လှုံ့ဆော်မှုတရပ်ကို စတင်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အာဏာ
ပိုင်တွေဘက်က တက်ရောက်လာသူတွေ
ထက် အဆမတန် လုံခြုံရေးကို တိုးမြှင့်ချ
ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို
ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်
မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြည်ထောင်စုနေ့ရဲ့ အထိမ်းအမှတ် ထူးခြားချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ဗဟိုဦးဆောင်ကော်မတီဝင်များနဲ့ တိုင်းရင်းသားအဖွဲ့ အသီးသီးက ခေါင်းဆောင်
တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်း
သားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်းပဲ ဖြစ်ပါ
တယ်။ ဒီလှုပ်ရှားမှုဟာ အကန့်အသတ်မထားဘဲ တတိုင်းပြည်လုံးက ပြည်သူအများ
ပါဝင်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
အခုလိုပြောပါတယ်။

“Signature Campaign ကတော့ ဒီမှာတင်မဟုတ်ပါဘူး၊ တတိုင်းတပြည်လုံးမှာ
ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တက်ကြ
ပါတယ်၊ ဝါရင့်နိုင်ငံရေးသမားတွေလည်း တက်ကြပါတယ်။ သူတို့အားလုံးလည်း
Signature Campaign မှာ ပါဝင်လက်မှတ်ထိုးကြပါတယ်။ ကျနော်တို့မျှော်လင့်တာက
ပြည်သူလူထုရဲ့ ထောက်ခံမှုများများရမယ်၊ ပြည်သူလူထုအများစု ထောက်ခံတယ်ဆိုရင်
ဒါ နိုင်ငံရေးအရ အကျိုးအမြတ်ရှိတယ်လို့ အန်ကယ်တို့ ယုံကြည်တယ်။ ဒါကြောင့်
ဒီဥစ္စာကို လုပ်ရတာပါ။”

ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုတွေကို အခုမှစလုပ်တာမဟုတ်ဘဲ အရင်ကတည်း
က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းတွေကိုလည်း ဆက်ပြောသွားပါတယ်။

“အဓိကအကြောင်းအရာက အန်ကယ်တို့က ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ
အကျဉ်းသားအားလုံး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် လွှတ်ပေးဖို့
တောင်းဆိုခဲ့တယ်။ အဲဒီတောင်းဆိုချက်ကို တိုင်းရင်းသားအဖွဲ့ဲအစည်း ၇ ဖွဲ့ကလည်း
ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုတယ်၊ နောက် ကြေညာချက်ထုတ်တယ်။ အဲဒီ
ထုတ်ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ပတ်လောက်က၊ ရက်တော့မမှတ်မိတော့ဘူး၊ ထပ်ပြီး
နှိုးဆော်တယ်၊ ပြည်သူလူထုကလည်း ဒီတောင်းဆိုချက်ကို ထောက်ခံကြဖို့ဆိုပြီးတော့
ကြေညာချက် ထပ်ထုတ်တယ်။ ဒီနေ့တော့ Signature Campaign နဲ့ စတာပေါ့။”

မြန်မာစစ်အစိုးကို အကြမ်းမဖက်တဲ့နည်းနဲ့ ဥပဒေအရ တောင်းဆိုလှုပ်ရှားတဲ့ လှုံ့ဆော်
မှုများကို အရင်က ကျောင်းသားတွေလည်း လုပ်ခဲ့ဘူးပါတယ်။ ပြည်တွင်းပြည်ပက
ဒီမိုကရေစီ လိုလားသူများအားလုံး လုပ်ခဲ့ဘူးပါတယ်။ ဒါပေမယ့်လည်း အကျိုးသက်
ရောက်မှု သိပ်မရှိခဲ့သလို ပြည်တွင်းမှာဆိုရင်လည်း လှုံ့ဆော်သူများကို နည်းအမျိုးမျိုးနဲ့
တားဆီးပိတ်ပင်ခဲ့တာတွေ၊ ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေ
ဖြစ်လာရင် အန်န်အယ်လ်ဒီအနေနဲ့ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကိုလည်း
မေးမြန်းကြည့်ခဲ့ပါတယ်။

“အဲဒီလိုလုပ်လာရင် ကျနော်တို့က အဲဒါကို အောင်မြင်မှုလို့ သတ်မှတ်မယ်။ တားဆီး
လာမယ်ဆိုရင် ပြည်သူလူထုရဲ့ဆန္ဒကို တားဆီးတဲ့ပုဂ္ဂိုလ်တွေဟာ ဆန့်ကျင်တဲ့အတွက်
ဒါ အောင်မြင်မှုပဲလို့ အန်ကယ်တို့တော့ ဒီလိုပဲတွက်တယ်။ ကျနော်တို့ ဒါကိုလည်း
မျှော်လင့်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာကို ဖောက်ထွင်းပြီး လုပ်ရမှာပဲ။ ဒါဟာ
လုပ်သင့်လုပ်ထိုက်တဲ့ဟာ၊ တရားဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက်
လုပ်ရမှာပဲ။”

ဒီနေ့မှာတော့ လက်မှတ်ထိုးတဲ့လှုပ်ရှားမှု ရှိနေတဲ့အတွက် အာဏာပိုင်တွေဘက်က
လုံခြုံရေးကို အခမ်းအနား တက်ရောက်သူတွေထက် ၂ ဆတိုးပြီး ချထားပါတယ်။
အဖွဲ့ချုပ်ရုံးက အခမ်းအနားကို တက်ရောက်လာသူများကိုလည်း ဓာတ်ပုံရိုက်ခြင်း၊
သတင်းယူခြင်းတွေကို ပိုမိုပြီးလုပ်လာတာ တွေ့ရတယ်လို့ လူငယ်တွေက
ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG