သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုကူညီခွင့် အိုင်စီအာစီ သည်းခံစောင့်ဆိုင်း


အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ
ကို လောလောဆယ် အခြေအနေအရ ခရီးစရိတ်ထောက်ပံ့နေတဲ့ အစီအစဉ်နဲ့သာ
ကူညီနိုင်ပေမယ့် အိုင်စီအာစီယူရမယ့် တာဝန်တွေကို ဒီ့ထက်မက ပိုထမ်းဆောင်နိုင်ဖို့
အခြေအနေ ပေးလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်လို့ ပြောဆိုလိုက်
ပါတယ်။ ရန်ကုန် အိုင်စီအာစီရုံးခွဲ တာဝန်ခံ ဂျော့ချ် ပက်ကလီ ဆာနူးကို ဒေါ်ခင်စိုးဝင်း
က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ကနေ အလှမ်းဝေးတဲ့ နယ်ထောင်တွေဆီ အပို့ခံရတဲ့ နှစ်ရှည် နိုင်ငံရေး
အကျဉ်းသားတွေရဲ့ မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် မရကြတဲ့ အခြေအနေမှာ
အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဂျော့ချ် ပက်ကလီ
ဆာနူးက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ခရီးစရိတ်ပံ့ပိုးတဲ့ အိုင်စီအာစီရဲ့
အစီအစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မိသားစုတွေ ထောင်ဝင်စာသွားတွေ့နိုင်ဖို့ ပံ့ပိုးတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောရရင်
တော့ ဒါဟာ သိပ်အရေးကြီးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဘယ်မိသားစုတွေကို ပံ့ပိုးနေ
တယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောနိုင်ပေမယ့် မိသားစုဦးရေ အတော်များများကို
ပံ့ပိုးနိုင်တယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ အထိန်းသိမ်းခံနေရသူတွေကို မိသားစု
တွေ သွားရောက်တွေ့ဆုံနိုင်အောင် ထောက်ပံ့နိုင်တာကလွဲလို့ တခြားအစီအစဉ်တွေ
ဆောင်ရွက်ပေးနိုင်တာ မရှိပါဘူး။” လို့ ပြောပြသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဒီလိုထောက်ပံ့ပေးနိုင်တာ ပြည်တွင်းမှာ
အိုင်စီအာစီအဖွဲ့ တဖွဲ့တည်းကပဲ စွမ်းဆောင်ပေးနိုင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးချို့ယွင်းနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သီးခြားပံ့ပိုးမယ့် အစီအစဉ်
ကိုတော့ အိုင်စီအာစီအဖွဲ့အနေနဲ့ ကိုယ်တိုင်သွားခွင့်ရမှသာ အကောင်အထည်ဖော်နိုင်
မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်တွေကို သွားပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့
တွေ့နိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့တော့ မစ္စတာ ပက်ကလီ ဆာနူးက အခုလို
ပြောပါတယ်။

“၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဒီကနေ့အထိ အကျဉ်းထောင်တွေကို သွားခွင့်မရ
သေးပါဘူး။ အိုင်စီအာစီ ရပ်တည်တဲ့ မူဝါဒအရ အကျဉ်းသားတွေကို ဆေးဝါး၊ အာဟာရ
စတာတွေကို ကိုယ်တိုင်သွားနိုင်တဲ့ အခါကြမှသာ ယူဆောင်သွားလို့ရပါတယ်။
ဒါမှမဟုတ် တခုခု အကြီးအကျယ်၊ ဥပမာ နာဂစ်လေပြင်းမုန်တိုင်းကျလို့ ထောင်တွေ
ပျက်စီးလို့ အကျဉ်းသားတွေ ဒုက္ခရောက်ရတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ တမျိုး
တမည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ အကန့်အသတ်နဲ့ပဲ
အကူအညီပေးနိုင်တာ ဖြစ်ပါတယ်။” လို့ ပြောပြသွားပါတယ်။

အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ဘယ်နေရာ၊
ဘယ်ဒေသမှာမဆို လူမှုဒုက္ခတွေကို အကာအကွယ်ပေးဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့
အရေးပေါ်အခြေအနေတွေမှာ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အကာအကွယ်ပေးဖို့
စတဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ဖြစ်တာမို့ မြန်မာနိုင်ငံလိုနေရာမျိုးမှာ
ဒီရည်မှန်းချက်တွေကို ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေ
အများကြီးရှိတယ်လို့လည်း မစ္စတာ ပက်ကလီ ဆာနူးက ဆက်ပြောပါတယ်။

“နေရာအတော်များများမှာ စိတ်ပျက်စရာကောင်းလောက်အောင် စိတ်သွားတိုင်း
ကိုယ်မပါဘဲ နှောင့်နှေးတာတွေဟာ လုပ်ငန်းသဘောသဘာဝအရ ကြုံရတတ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတာ ပြောပြနေစရာ မလိုဘဲနဲ့ အများကသိပါတယ်။ လူမှုရေး
အရ ကူညီနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းရတဲ့အခါ တဖက်ကအခြေအနေကိုလည်း
ကြည့်ရပါတယ်။ အဲဒီတဖက်က တင်းတင်းကျပ်ကျပ် လုပ်တတ်သလို ပိုပြီးခက်ခဲအောင်
လည်း ဖန်တီးတတ်ပါတယ်။ ဒါကြောင့် အိုင်စီအာစီကတော့ စိတ်ရှည်သည်းခံစွာနဲ့
အခြေအနေပေးတဲ့အထိစောင့်ဖို့ အသားကျသလို ဖြစ်နေပါပြီ။” လို့ ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ထောင်ဝင်စာတွေ့နိုင်ဖို့ ငွေကြေး
ထောက်ပံ့တဲ့ အစီအစဉ် တခုထဲမဟုတ်ဘဲ ဒီ့ထက်မကပိုပြီး အကူအညီပေးလိုတဲ့ ဆန္ဒ
ရှိကြောင်း၊ ဒီလိုကူညီနိုင်အောင်လည်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်း
တာတွေ ကြိုးစားပြီး လုပ်နေဆဲဖြစ်တယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံးခွဲ တာဝန်ခံ မစ္စတာ
ဂျော့ချ် ပက်ကလီ ဆာနူး ပြောပြသွားတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အေအေပီပီဘီခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ကိုဘိုကြည်ကတော့ ရန်ကုန်ရှိ အိုင်စီအာစီ
ရုံးခွဲရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လူမှုရေးအရ စောင့်ရှောက်ရမယ့် လုပ်ငန်းတွေ
အပေါ် အခုလို သုံးသပ်ပါတယ်။

“အဲဒီလို ဝင်ခွင့်မရတဲ့အခါကြတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေ၊
ထောင်ရဲ့ လက်ရှိအနေအထားတွေကို သူတို့ သေသေချာချာ သုံးသပ်ခွင့်မရတော့ဘူး
ပေါ့။ သူတို့ ပုံမှန်လှူနေကြ ဆေးဝါးတို့ တခြားဟာတွေကလည်း လှူလို့မရတဲ့ အနေ
အထား ဖြစ်လာတယ်။ နောက် အကျဉ်းထောင်တွေထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကိုလည်း မှတ်တမ်းတင်လို့မရတဲ့ အနေအထား ဖြစ်လာတယ်။
အရင်အတိုင်းအတာထက်စာရင် အများကြီးလျော့နည်းသွားတယ်လို့ ကျနော်တို့
သုံးသပ်လို့ရပါတယ်။

“တကယ်တမ်းကြတော့ သူတို့ကိုယ်တိုင်က နအဖကို တကယ်ကြောက်နေရတာမျိုး
ဖြစ်နေတယ်။ ဥပမာ သူတို့ အမှန်တရားကို ပြောမယ်ဆိုရင် နအဖက လက်မခံဘူး။
အိုင်စီအာစီက တာဝန်ရှိသူတွေကပဲဖြစ်ဖြစ်၊ တခြား အန်န်ဂျီအိုတွေပဲဖြစ်ဖြစ်ပေါ့။
မြန်မာနိုင်ငံထဲမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေက အမှန်တရားကို ရေငုံနှုတ်ပိတ်
နေတဲ့ အဆင့်မျိုးကို ရောက်လာပြီ။ ဒါဟာ သွယ်ဝိုက်တဲ့နည်းနဲ့ နအဖကို ထောက်ပံ့
ပေးသလို ဖြစ်နေတယ်။”

လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၁၃၁ ယောက် ရှိနေပြီး
နောက်ထပ်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ နှစ်ရှည်ထောင်ဒဏ်
တွေ ချမှတ်၊ နယ်ဝေးထောင်တွေကိုလည်း ပို့နေဆဲဖြစ်တယ်လို့ အေအေပီပီက
မှတ်တမ်းတင်ထားကြောင်း ကိုဘိုကြည်က ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG