ဖေဖဝါရီ ၁၁၊ ၂၀၀၈။ ပြီးခဲ့တဲ့နှစ်တွေအတွင်းကစပြီးတော့ သတင်းမီဒီယာတွေမှာ ကျောင်းတွေထဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ၊ မိဘက ကိုယ့်သားသမီးကို ပြန်သတ်တဲ့သတင်းတွေ အစရှိသဖြင့် ထိတ်လန့်စရာ ရာဇဝတ်မှုသတင်းတွေအတော်များများလွှင့်ထုတ်ကြတာ တွေ့မိကြားမိကြမှာပါ။ သတင်းတွေမှာတော့ အကြမ်းဖက် ကျူးလွန်သူတွေကို စိတ်ဝေဒနာသည်လို့ အကြမ်းဖျဉ်း ကောက်ချက် ဆွဲလေ့ရှိပါတယ်။ ဒါကြောင့် စိတ်ရောဂါ ခံစားရသူတွေဟာ အခြားသူတွေထက် ပိုပြီး အကြမ်းဖက်မှုတွေ လုပ်လာလေ့ရှိတယ်လို့ အလွယ်တကူ မှတ်ချက်ဆွဲသလို ဖြစ်နေပါတယ်။
ဒါပေမယ့်လည်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် မူခင်းရေးရာနဲ့စိတ်ဝေဒနာဆိုင်ရာ ကျွမ်းကျင်သူ Eri Elbogen ကတော့ ဒီလို ကောက်ချက်ဆွဲ သုံးသပ်တာဟာ တကယ်တမ်း မမှန်ကန်ဘူးဆိုတာကို သူ့လေ့လာတွေ့ရှိချက်အရ ထောက်ပြလိုက်ပါတယ်။ သူဟာ လူပေါင်း သုံးသောင်းငါးထောင်ကို လေ့လာစစ်တမ်းယူခဲ့ပါတယ်။ စိတ်ကျဝေဒနာ စိတ်ကစင့်ကလျားဖြစ်မှု စတဲ့ ပြင်းထန်တဲ့ စိတ်ရောဂါမျိုး ရှိမရှိနဲ့၊ ဒီစိတ်ရောဂါတွေကြောင့် ဒီလူတွေဟာ အကြမ်းဖက်တာတွေ လုပ်လေ့ရှိသလား အစရှိသဖြင့် မေးခွန်းထုတ် လေ့လာခဲ့ပါတယ်။
သူ့တွေ့ရှိချက်အရ စိတ်ဝေဒနာသည်တဦး အကြမ်းဖက်မှုတခုခု လုပ်လာတယ်ဆိုရင်ပဲ ဒါဟာ စိတ်ရောဂါကြောင့်ဆိုပြီး အပြစ်ပုံချလေ့ရှိကြတာဟာ မှားယွင်းတယ်လို့ သူက ထောက်ပြပါတယ်။ လူတွေ ဘာကြောင့် အကြမ်းဖက်သလဲ၊ သူတို့ရဲ့ လူမှုရေး ပတ်ဝန်းကျင်အခြေအနေတွေကို သတင်းမီဒီယာတွေအပါအဝင် အားလုံးက လေ့လာဆန်းစစ်ဖို့လိုမယ်လို့ သူက အကြံပြုပါတယ်။
ဒီအကြောင်းအပြင် စိတ်ကျဝေဒနာနဲ့ ရုပ်မြင်သံကြားကြည့်မှု ပတ်သက်နေတဲ့ လေ့လာချက်ကို အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။