သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ အမတ် ၂ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကို ဒီကနေ့ပဲ မြန်မာစစ်အစိုးရရဲ့ တရားရုံးတခုကနေ နှစ်ရှည်ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ ဥပဒေအကျိုးဆောင်ပေးမယ့် ရှေ့နေတွေ မိသားစုတွေ တက်ရောက်ကြားနာခွင့်မရှိဘဲနဲ့ အခုလို ပြစ်ဒဏ်ပေး စီရင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ တရားစီရင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်တဲ့ ဦးညီပု နဲ့ ဒေါက်တာ တင်မင်းထွဋ် တို့ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ လျှပ်စစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ နောက် မြန်မာစစ်အစိုးရရဲ့ အမျိုးသားညီလာခံ လုပ်ငန်းကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ စတာတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သူတို့ ၂ ဦး ကို ထောင်ဒဏ် ၁၅ နှစ်စီ အပြစ်ပေးလိုက်တာလို့ ဒီကနေ့ပဲ အင်းစိန်ထောင်ကို သွားရောက်စုံစမ်းခဲ့တဲ့ ဦးညီပု ရဲ့ သားဖြစ်သူ ကိုခိုင်ဝင်းလှိုင် က ပြောပါတယ်။

“၁၅ နှစ်ပါခင်ဗျာ။ အမှု သုံးခုပေါင်းပေါ့။ ၅၀၅/ခ ရယ်၊ အီလက်ထရောနစ် ရယ်၊ ညီလာခံ ရယ် ပေါင်းချလိုက်တာပေါ့။ နှစ်ယောက်စလုံးကို ချတာခင်ဗျ။ လောလောဆယ်တော့ ၁၅ နှစ်လို့ပဲ သိရသေးတယ်။ သုံးခုပေါင်းကို ၁၅ နှစ်ပေါ့ အကုန်လုံးပေါ့နော် တပေါင်းတည်းကျခံစေ ဆိုပြီးတော့။ တရားရုံးကိုက ဝင်လို့ မရဘူးလေ။ မိသားစုလည်း ဝင်လို့လည်း မရဘူး။ ဘာမှလုပ်လို့မရဘူး။”

အဲန်အယ်လ်ဒီ ပါတီရဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု နဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ် တို့ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကနေ စီရင်ချက် ချလိုက်တဲ့အကြောင်း ဦးညီပု ရဲ့ သားဖြစ်သူ ကိုခိုင်ဝင်းလှိုင် ပြောပြခဲ့တာပါ။ သူတို့နှစ်ဦးဟာ မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်လဲအောင် ပိုပြီးဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ တိုက်တွန်းတောင်းဆိုစာ ရေးပို့ရာမှာ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ထောင်တွင်းသီးသန့် တရားခွင်တွေမှာ ဥပဒေ အကျိုးဆောင်တွေလည်း လိုက်ပါ ဆောင်ရွက်ခွင့်မရ၊ မိသားစုလည်း ကြားနာခွင့်မပြုဘဲ အာဏာပိုင်တွေက အခုနောက်ဆုံး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ ဒီလို စီရင်ခဲ့တာဟာဖြင့် တဖက်သတ် ဆုံးဖြတ်စီရင်မှုအဖြစ် သူတို့ ၂ ဦး အမှုအတွက် ဥပဒေ အကျိုးဆောင်ပေးဖို့ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရတဲ့ ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုး က ဒီလို စီရင်ခဲ့တာဟာ တဖက်သတ်ဆုံးဖြတ်စီရင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

“တရားခွင်ထဲဝင်လို့မရအောင် သူက ထောင်ဝကနေ ပိတ်ထားကို ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ဇန်နဝါရီလကတည်းကပဲ၊ မပေးတာက ထောင်အာဏာပိုင် ထောင်ပိုင်ကြီးက မပေးတာ။ ဘာဖြစ်လို့ တားရလဲ ဆိုတော့တဲ့ ကျနော်တို့ မေးကြည့်တာပေါ့ဗျာ ဘာလို့တားသလဲဆိုပြီးတော့၊ - အဲဒါ သတင်းတပ်ဖွဲ့ဌာနက တရာစွဲဌာနက တားခိုင်းလို့ တားရတယ် ဆိုပြီးတော့ အဲဒီလိုပဲ ပြန်ပြောတာပဲ။ ကျနော်တို့ကတော့ ဘာမှမလုပ်ပေးနိုင်ဘူးပေါ့။ ကျနော်တို့ ဝင်လို့မှမရတာ။ သူတို့က ရှေ့နေမပါဘဲ အမှုသွားနေတဲ့သဘော ရှိတာကိုး။ တရားစီရင်ခံရတဲ့ အမှုသည်တွေက ဘယ် နားလည်မလဲ။ အဲဒါတွေက ကျွမ်းကျင်တဲ့သူပဲ နားလည်မှာကိုး။ ဆိုတော့ သူတို့မရှိတဲ့အခါကျတော့ ခုနကပြောတဲ့ အမှန်တရားလည်း ပေါ်စရာအကြောင်းလည်း မရှိဘူး။ အမှန်တရားဆိုတာက ကျနော်တို့ပြောတာ အမှုမှန်ပေါ့၊ အမှုမှန် ပေါ်ဖို့အတွက်က တရားခံရှေ့နေ ရှိရမယ်။ တရားလိုရှေ့နေ ရှိရမယ်။ နှစ်ဖက်ရှိမှသာ အမှုမှန်က ပေါ်မှာပေါ့။ အခုဆိုရင် အမှုသာပြီးသွားတယ်။ အမှုမှန်တယ်၊ မမှန်ဘူးဆိုတာ ဘယ်လိုလုပ်ပြောလို့ရမလဲ။”

အခုလို အဲန်အယ်လ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အနေနဲ့ ဥပဒေကြောင်းအရ ခံစားခွင့်တွေ မရဘဲ အရေးယူ အပြစ်ပေးခဲ့တဲ့ တရားခွင်တွေဟာဖြင့် ဥပဒေနဲ့ မညီသလို တရားမျှတမှု ကင်းမဲ့ရာ ရောက်နေတယ်လို့လည်း ပါတီပြောခွင့်ရသူ တဦးလည်းဖြစ် ဥပဒေပညာရှင် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“အမှု အစကနေအဆုံး တောက်လျှောက် ရှေ့နေမပါဘဲနဲ့ လိျှ့ဝှက်စစ်ပြီးတော့
လျှို့ဝှက်ချသွားတဲ့သဘောပါ။ ဒါဟာ လုံး၀ တရားမျှတမှု မရှိဘူး။ ဥပဒေနဲ့လည်း ညီညွှတ်မှုမရှိဘူး။ အဲဒီလို ပြောချင်တယ်။”

တကယ်တော့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နဲ့ ဒီလဆန်းပိုင်း တွေ့တုန်းက မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေတာတွေ၊ ဥပဒေကပေးထားတဲ့ ခံစားခွင့်တွေကို မရနိုင်ဘဲ ဖြစ်နေရတာတွေကိုလည်း အတိုက်အခံတွေဖက်က ပြောခဲ့တာပါ။ ဒီလို ပြောဆိုနေတဲ့ ကြားကပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ ရှေ့နေရှေ့ရပ်တွေ လိုက်ပါဆောင်ရွက်ခွင့်မပေးဘဲ ပြစ်ဒဏ်စီရင်တာတွေကို ဆက်လက်လုပ်ဆောင် နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေ အတွင်းမှာဆိုရင်လည်းပဲ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ကို ဥပဒေ အကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့်မရဘဲ ဒီလိုထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ခဲ့တာတွေ ရှိခဲ့သလို၊ ဒီလို ပြစ်ဒဏ်စီရင်ခံရဦးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေလည်း ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG