သမ္မတ ဘားရက် အိုဘားမား အစိုးရသစ်က အာရှနိုင်ငံများနဲ့ ဆက်ဆက်ဆံဆံလုပ်ကာ မြန်မာပြည်က စီးပွားရေးနဲ့ လူ့အခွင့်အရေး အခြေအနေများ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သောကြာနေ့မှာ ဗွီအိုအေကို ပြောပြပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ နိုင်ငံ တကာက တိုက်တွန်းတောင်းဆိုနေတာကို လျစ်လျူရှုပြီး စစ်အစိုးရက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဒုတိယ ဥက္ကဌ ဦးတင်ဦး မနေ့က နေအိမ်အကျယ်ချုပ်ချ သက်တမ်း နောက်ထပ်တစ်နှစ် တိုးလိုက်ပါတယ်။ အသက် ၈၂ နှစ်အရွယ် ဦးတင်ဦးဟာ အဲန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လိုပဲ ၂၀၀၃ ခုနှစ်ကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ အစိုးရထံ တိုက်တွန်းတောင်းဆိုတဲ့ လက်မှတ်များ စတင်စုဆောင်းပြီး နောက်တနေ့ မှာပဲ မြန်မာစစ်အစိုးရက အဲန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦး ရဲ့ နေအိမ်အကျယ်ချုပ်ချ သက်တမ်း တစ်နှစ်ထပ်တိုးလိုက်တာပါ။ အဲန်အယ်လ်ဒီ က သူတို့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေတဲ့အချိန်၊ စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။
ကုလသမဂ္ဂ နဲ့ ဂျပန်နိုင်ငံတို့က အဲဒီရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်တဲ့ အနေအထားနဲ့ ပြုလုပ်သင့်ကြောင်း ပြောဆိုကြပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး ၁၉ ရက်နေ့အထိ နေထိုင်ပြီး သူ အရင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု ရှိသလားဆိုတာ လေ့လာဖို့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်လုပ်ဖို့ ထောက်ခံတင်ပြထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက် ၄ ချက်ကို ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကို စစ်အစိုးရ တာဝန်ခံများနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။