သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံသတင်းထောက် မအိမ့်ခိုင်ဦး ခန်းဂျိနာဂအိ ဆုရရှိ


နာဂစ်ဆိုင်ကလုံးမုန်းတိုင်းမိ ဒုက္ခသည်တွေရဲ့ သတင်းတွေလိုက်ရင်း အဖမ်းအဆီးခံထားရတဲ့ အီကိုဗွီးရှင်း ဂျာနယ်က အမျိုးသမီးသတင်းထောက် မအိမ့်ခိုင်ဦး ကို ဂျပန်နိုင်ငံ APF သတင်းဌာနက ခန်းဂျိ နာဂအိဆု ကို ချီးမြှင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ခန်းဂျိနာဂအိ ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ မေတ္တာပို့ ကြွချီတဲ့ သတင်းကို လိုက်ရင်း မြန်မာစစ်အစိုးရရဲ့ လက်ချက်နဲ့ ရန်ကုန်မြို့ လယ်ခေါင်မှာ သေဆုံးသွားတဲ့ ဂျပန်သတင်းထောက် ဖြစ်ပါတယ်။

သူကွယ်လွန်ခြင်း အထိမ်းအမှတ်နဲ့ မတရားသဖြင့် အရေးယူခံရတဲ့ မြန်မာသတင်းထောက်တွေ အတွက် ဒီဆုကို ဖန်တီး ထားတာပါ။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ် အချခံထားရတဲ့ သတင်းထောက် မအိမ့်ခိုင်ဦး ကို ခန်းဂျိနာဂအိ ပထမဆုံး ဆုရှင် အဖြစ် ရွေးချယ်ခဲ့တာပါ။ ဒီလို ရွေးချယ်မှုနဲ့ ဆုချီးမြှင့်မှုကို တာဝန်ယူထားတာကတော့ BMA ခေါ် မြန်မာသတင်းသမဂ္ဂ ဖြစ်ပါတယ်။ BMA ရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့် က ဒီဆုနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် ဆောင်ရွက်ရင်း သို့မဟုတ် သတင်းလုပ်ငန်း လုပ်ဆောင်ရင်းနဲ့ အဖမ်း ခံထားရတဲ့သူတွေ အနစ်နာခံနေရတဲ့သူတွေ အတွက် ကျနော်တို့ အကျိုးဖြစ်စေချင်ပါတယ်။ ဒါကြောင့် မစ္စတာ ခန်းဂျိနာဂအိ ရဲ့ နံမည်နဲ့ အမှတ်တရ ဆုတခုကို တည်ထောင်ဖို့အတွက် ဆိုပြီးတော့ မြန်မာ့သတင်းသမဂ္ဂ ကနေပြီးတော့ မစ္စတာ ခန်းဂျိနာဂအိ အလုပ်လုပ်ခဲ့တဲ့ APF သတင်းဌာနကိုရော၊ သူ့ရဲ့ မိဘတွေကိုရော ကျနော်တို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒီဆု ပေါ်ပေါက်လာတာပါ။ အဲဒီဆု ပေါ်ပေါက်လာတဲ့အခါမှာကျတော့ ဒီဆုကို ချီးမြှင့်တဲ့သူကတော့ ဒီ APF News သတင်းဌာနက ဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံက ဘယ် ထောင်ကျနေတဲ့ သတင်းသမားကို ဆုချီးမြှင့်သင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကိစ္စကိုတော့ သူတို့က မြန်မာသတင်းသမဂ္ဂ နဲ့တိုင်ပင်ပြီးတော့ ရွေးချယ်တဲ့ သဘော ရှိပါတယ်ခင်ဗျ။ အခုလောလောဆယ် APF နဲ့ ကျနော်တို့ သဘောတူထားချက်အရ ဆိုရင် နှစ်စဉ်ချီးမြှင့်မယ့် ခန်းဂျိနာဂအိ ဆုကို ကျနော်တို့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် ဆောင်ရွက်ရင်းနဲ့ အနစ်နာခံသွားရတဲ့ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် ထောင်ကျနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီးတော့ ချီးမြှင့်ဖို့ ကျနော်တို့ သဘော တူထားပါတယ်ခင်ဗျ။”

BMA မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။ လာမယ့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ဒီ ဆုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ချီးမြင့်သွားမှာဖြစ်ပါတယ်။ မအိမ့်ခိုင်ဦးရဲ့ ကိုယ်စား သူ့ရဲ့မိတ်ဆွေက ဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG