သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ လက်နက်ကြီးတိုက်ခိုက်ခံရမှု အစိုးရစွတ်စွဲချက် ကေအန်ယူ ငြင်းဆို


မြဝတီမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရက ကရင် အမျိုးသား အစည်းအရုံးကို စွတ်စွဲခဲ့ပြီး ကေအန်ယူကလည်း သူတို့ မလုပ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပို့ထားပါတယ်။

၁၄ရက်နေ့မနက် စောစော အချိန်လောက်မှာ ကေအန်ယူက မြဝတီမြို့ကို လက်နက်ကြီးနဲ့ ၄ချက်ပစ်ခတ်ခဲ့ကြောင်း စစ်အစိုးရက စွတ်စွဲခဲ့ပြီးနောက် ကေအန်ယူကတော့ ဒါဟာမမှန်ကန်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေဗစ်တာကပေါ က အခုလို ငြင်းဆိုထားပါတယ်။

“ဒီသတင်းက မမှန်ဘူးပေါ့။ ကေအင်ယူ ပစ်တာမဟုတ်ဘူး။ သူတို့ အချင်းချင်းပဲ ပစ်ပြီးတော့ ကေအင်ယူကို စွတ်စွဲတာ ဖြစ်မယ်။ သူတို့က ကေအင်ယူကို အကြမ်းဖက်သမားလို့ စွတ်စွဲချင်တယ်လေ။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်။”
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအနေနဲ့ မြဝတီကို အရင်တုန်းက ပစ်ခတ်မှုတွေ ရှိခဲ့ဘူးတာကြောင့် မြန်မာ စစ်အစိုးရဘက်က စွတ်စွဲတာမျိုးတွေရော မဖြစ်နိုင်ဘူးလို့ မေးကြည့်ခဲ့ပါတယ်။

“မြဝတီကို ဟိုးအရင်က ပစ်ခဲ့ဖူးတယ်။ ၈၄-၈၅လောက်ကတော့ ပစ်ဖူးတယ်။ နောက်ပိုင်းတော့ လုံး၀ မပစ်ဘူး။ အခုကတော့ ပျောက်ကျားတွေပဲ။ ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကတည်းက ကိစ္စလေ။”

ကေအန်ယူရဲ့ စစ်ရေးဌာနက တပ်တွေကို ညွှန်ကြားထားတာ မရှိသလို တပ်တွေကလည်း ဒီလိုလုပ်မယ့်အကြောင်း သတင်းပို့ထားတာ မရှိဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ဒီလို လက်နက်မျိုးတွေသာ ရှိပေမယ့် နောက်ဆုံးမှာ ဒါတွေကို အသုံးမပြုနိုင်တော့ကြောင်း ဒီလို လက်နက်တွေ သုံးနိုင်တာဟာ မြန်မာ စစ်အစိုးရသာ ဖြစ်တယ်လို့လဲ တွဲဘက်အတွင်းရေးမှုး(၁) ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။

“ဒီလို စစ်လက်နက်တွေနဲ့ ပစ်နိုင်တာ အားလုံးပဲ အသိပါပဲ။ နယ်စပ်တလျောက်မှာ လက်နက်ကြီး၊ အမြောက်တပ်ဖွဲ့တွေနဲ့ ခေတ်မှီလက်နက်တွေ ထားနိုင်တာ ဘယ်သူလဲ။ အဲဒီလိုမျိုး လက်နက်တွေကို အသုံးပြုဖို့ ကျည်ဆံတွေ ရှိတာ ဘယ်သူလဲ။ အားလုံး စဉ်းစားနိုင်ပါတယ်။”

ဦးစောဒေးဗစ်တာကပေါ ကတော့ အခုလိုမျိုး မြဝတီကို ပစ်ခတ်နို်င်ဖို့ဆိုတာဟာ သူတို့ တပ်တွေအနေနဲ့ မဖြစ်နိုင်ကြောင်း သူတို့ စခန်းတွေနဲ့လည်း ဝေးတယ်လို့ ပြောပြပါတယ်။

“ဘယ်စခန်းနဲ့မှ မနည်းဘူး။ ကေအင်ယူ စခန်း ဟိုးအဝေးကြီး မိုင်၂၀လောက်ရှိတယ်။ တခြား စခန်းတွေကဆို အခုထက်တောင် ပိုဝေးသေးတယ်။

အခုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းမှ ဝန်ခံထားတာ မရှိသေးပါဘူးရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG