သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တာနား ကရင်ပြည်နယ်သွားရောက် စုံစမ်း


မြန်မာနိုင်ငံမှာ ၆ရက်တာ ခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားဟာ ဒီနေ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်တွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သင်းသီရိက စုံစမ်း တင်ပြထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ မြန်မာပြည် အရှေ့တောင်ဘက်ခြမ်း ခရီးစဉ် ဘားအံနဲ့ ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင် တချို့နဲ့ တွေမယ်လို့ သတင်းရပါတယ်။ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံးရှိတဲ့ ကရင်ပြည်နယ်ထဲမှာ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံမယ်လို့လည်း ယူဆနိုင်ပါတယ်။ အခုလို မစ္စတာ ကင်တားနား ဘားအံကို လာမယ်ဆိုတဲ့အတွက် ဒေသခံအာဏာပိုင်တွေရဲ့ ကြိုတင်ပြင်ဆင်မှုတချို့ကို ဘားအံဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“လာတာတော့ ကားနဲ့လာတယ်။ ကင်တာနားမလာခင် ၁ရက်အလိုမှာ တောင်ပေါ်သွားတဲ့ လမ်းတလျှောက်မှာ လေယာဉ်ကွင်းတို့ တောင်တက်ရာ လမ်းတလျှောက်နေရာတွေကို ဝန်ထမ်းတွေ သန့်ရှင်းရေး လုပ်ရတယ်။ ထောင်သားတွေကို အင်္ကျ ီ အသစ်တွေ ပေးဝတ်ထားတယ်။ ထမင်းစားတော့ ဇွန်းခက်ရင်းနဲ့ ပေးစားတယ်လို့ ကြားရတယ်။”

မစ္စတာကင်တာနားဟာ ဘားအံကတဆင့် မွန်ပြည်နယ်ဘက်ကို ခရီးဆက်နေတယ်လို့ အတည်ပြုမရတဲ့ သတင်းတွေအရ သိရပါတယ်။ မော်လမြိုင်မှာက ICRCအဖွဲ့ရှိနေတော့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့လို့ ယူဆရပါတယ်။ DPA သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကိုလည်း ခရီးဆက်ဖို့ ရှိတယ်လို့ ရေးသားထားပါတယ်။ ဒါပေမယ့် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ မြန်မာ စစ်အစိုးရက စီစဉ် ပေးတဲ့ ခရီးစဉ်တွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ဘယ်လောက်ထိ စုံစမ်းနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်သလို၊ မစ္စတာ ကင်တားနား ဘယ်ကိုသွားလို့ ဘာကိုလုပ်မယ်ဆိုတာတောင် အတည်ပြုဖို့ ခက်ခဲနေပါတယ်။

မြန်မာနိုင်ငံမှာကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မရောက်ခင် ရက်ပိုင်းအလိုမှာပဲ နိုင်ငံအဝန်းးမှာ ပိတ်ထားတဲ့ ထောင်ဝင်စာတချို့ ပြန်ဖွင့်ပေးခဲ့တာတွေ နှစ်ရှည်ထောင်ဒဏ်ချထားမှတ်ခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာနဲ့ အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့အမှုတွဲတွေကို ပြစ်ဒဏ်လျော့ပေါ့တာတွေ လုပ်ခဲ့ပါတယ်။

မစ္စတာ ကင်တားနား မြန်မာပြည်ကို သွားတာ အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ၄ချက်ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေသစ်ထဲမှာ လူ့အခွင့်အရေး ပြဌန်း ချက်တွေ ပါမပါဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အပြင်၊ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို နားလည် သဘောပေါက်လာအောင် ကျင့်သုံး အသိပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

မစ္စတာ ကင်တားနားရဲ့ ပထမအကြိမ်ခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့သလို အခုအကြိမ်မှာလည်း တွေ့ဆုံခွင့် ရဖို့ကလည်း မသေချာသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG