အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတသစ် ဘားရက်ခ် အိုဘားမားနဲ့ ထိပ်တန်းတာဝန်ရှိသူအနေနဲ့ ပထမဆုံး သူ့ရဲ့ နိုင်ငံခြားခရီးစဉ်ကို စတင်ထွက်ခွာနေပါပြီ။ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကို သွားမယ့် တပတ်ကြာခရီးစဉ်အတွင်း အမေရိကန်ရဲ့ အဓိက လိုလားချက်ဖြစ်တဲ့ မြောက်ကိုရီးယား နယူးကလီးယားလက်နက် ဖျတ်သိမ်းရေး နဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်စေရေးအတွက် ဝန်ကြီးကလင်တန်က ဦးတည်ပြီး ဆွေးနွေးဖို့ ရှိပါတယ်။ တနင်္လာနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဂျပန်မှာ ရှိနေတုန်း ဂျပန်နိုင်ငံက အမေရိကန် တပ်သား ၈၀၀၀ကို ဂူအန် ပစိဖိတ်ကျွန်းနိုင်ငံလေးသို့ ရွှေ့ပြောင်းဖို့ သဘောတူညီချက် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ အာစီယံအဖွဲ့ဝင် ၁၀နိုင်ငံနဲ့ပိုမို ပူးပေါင်းဖို့ ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့အတွက် အာစီယံအဖွဲ့ကြီးကနေ ဆောင်ရွက်ပေးဖို့ အမေရိကန် အနေနဲ့ တိုက်တွန်းမယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန် ဆက်ဆံရာမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်ဖို့သာ ရှေ့ရှုပြီးဆောင်ရွက်လေ့ရှိပေမယ့် မစ္စက် ကလင်တန်က နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် တရုတ်ဆက်ဆံရေးမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိလာတာဟာ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် သိပ်ကိုအရေးပါတယ်လို့ ပြောကြားလိုက်ပါတယ်။