သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား နိုင်ငံခြားသံတမန်များနဲ့ တွေ့ဆုံ


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား
(Tomas Ojea Quintana) ဟာ သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့
ဒီကနေ့ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါ
တယ်။ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း တောင်းဆိုထားတဲ့
ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ခဲ့တာတွေ ရှိခဲ့ပေမယ့် အတိုက်အခံ
နိုင်ငံရေးအင်အားစုတွေနဲ့ အခုအချိန်အထိတော့ မတွေ့ဖြစ်သေးဘူးလို့လည်း ရန်ကုန်
နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ဒီကနေ့ခရီး
စဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား အခုနောက်ဆုံး
တွေ့ဆုံခဲ့တာကတော့ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့စည်းတွေက
တာဝန်ရှိသူတွေနဲ့ပါ။ ပြီးခဲ့တဲ့နှစ် သူ မြန်မာနိုင်ငံကို သွားပြီးတဲ့နောက်ပိုင်း လူ့အခွင့်
အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာဖို့အတွက်
စနေနေ့ကတည်းက ရောက်လာပြီး လာမယ့် ကြာသပတေးနေ့အထိ ရှိနေမယ့် အထူး
ကိုယ်စားလှယ်ဟာ နိုင်ငံခြားသံရုံးတွေက သံတမန်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့
ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရုံး ပြန်ကြားရေး
တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“သြစတြေးလျ၊ စင်ကာပူ၊ ရုရှား၊ ထိုင်း၊ ယူအက်စ်အေ၊ တချု့ိကလည်း သံအမတ်ပေ့ါ။
သြစတြေးလျတို့ စင်ကာပူတို့က သံအမတ်၊ တချို့ကြတော့လည်း ရန်ကုန်မှာမရှိကြတော့
သူတို့ ဒုတိယတွေပေါ့။ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ဌာနေကိုယ်စားလှယ်၊
ဒါမှမဟုတ်ရင်လည်း ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေပေါ့။”

အခုခရီးစဉ်အတွင်း မစ္စတာကင်တားနားဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်
ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ ကိုက်ညီအောင်ပြင်ဆင်ဖို့၊
ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသူတွေကို လွှတ်ပေးဖို့၊ တရားစီရင်ရေး လွတ်လပ်မှု
ရှိစေဖို့ စတာတွေ အပါအဝင် လူ့အခွင့်အရေး အခြေအနေတိုးတက်ဖို့ ကိစ္စတွေမှာ ကုလ
သမဂ္ဂက တိုက်တွန်းထားတဲ့အတိုင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က
ဘယ်လောက်အထိ ဆောင်ရွက်ပြီးပြီလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေ၊ အစိုးရအရာရှိတွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒီလို နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ၊ တရားစီရင်ရေး အခြေအနေတွေ
အကြောင်း စုံစမ်းမယ့် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲလို့
ပြောရမှာကတော့ သူ့ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က
နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို
ပြစ်ဒဏ်တွေ လျှော့ပေါ့ပြင်ဆင်ပေးတာတွေပါ။ အခုဆိုရင်လည်း မန္တလေးထောင်မှာ
နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရသူတချို့ကို မူလကပေးထားတဲ့ ပြစ်ဒဏ်တွေကို
ပြင်ဆင်လိုက်တယ်လို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်တဲ့ ရှေ့နေ ဦးမြင့်သွင်က
ပြောပါတယ်။

“လူငယ် ၁၁ ယောက်ထဲက မကေသီအောင်ကို ပြစ်ဒဏ် ၂၆ နှစ်ကနေ ၁၆ နှစ်လျှော့ပြီး
၁၀ နှစ်ပဲကျန်ပါတယ်။ နောက် ကိုဝေမျိုးထူးကလည်း အားလုံး ၂၆ ကျတာ ၁၆ နှစ်
လျော့ပြီး ၁၀ နှစ်ပဲကျန်ပါတယ်။ သူတို့ပြစ်ဒဏ်တွေကို တပေါင်းတည်းပြန်ပြီးတော့
လျှော့ပြီးချပေးတာပါ။ တိုင်းတရားရုံးက လျှော့ပေးတာဖြစ်ပါတယ်။ အခု မန္တလေး
ထောင်မှာပဲ ရှိပါတယ်။ ဒီနေ့ တိုင်းတရားရုံးကနေ အမိန့်ချလိုက်တာပါ။”

ဒီလိုပဲ တခြားနိုင်ငံရေးအကျဉ်းသားတချို့လည်း အလားတူ ပြစ်ဒဏ်ကို ပြင်ဆင်ခဲ့တာမျိုး
တွေ ရှိခဲ့ပြီးတော့ ဒီအထဲမှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီပါတီဝင်တချို့လည်း ပါဝင်တဲ့အကြောင်း
ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“ဒီနေ့ ကျနော်တို့ နာမည်တွေတော့ အကုန်မသိဘူး၊ ကိုသိန်းဆွေဆိုတာ ဧရာဝတီတိုင်း
ပေါ့၊ ဗဟိုကလူငယ်ပါပဲ၊ သူ့လည်း ပြစ်ဒဏ်တွေ ပေါင်းလိုက်တာပေါ့ဗျာ။ အရပ်စကား
ကတော့ လျှော့တာပေါ့။ နောက် ဒီ့ပြင်လည်းရှိတယ်။ ကျနော် အကုန်တော့မသိဘူး။
ကျနော်ကြားတာတော့ လေးငါးဆယ်ယောက်လောက် ရှိတယ်။”

အစောပိုင်းမှာတုန်းကလည်း အလားတူ နိုင်ငံကျော် စွယ်စုံအနုပညာရှင် လူရွှင်တော်
ဇာဂနာခေါ် ကိုသူရ၊ နောက် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ကို
ဒီလိုပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ဒီလို လျှော့ပေါ့တယ် ဆိုပေမယ့်
လည်း ဒါဟာ မူလကတည်းက ပြစ်ဒဏ်နဲ့ မထိုက်တန်သူတွေ၊ ဒီလိုပြစ်ဒဏ်တွေ စီရင်
ဖို့တောင် မသင့်ဘူးလို့လည်း အန်န်အယ်လ်ဒီက သဘောထားတာပါ။

“အစကတည်းကိုက အပြစ်မရှိကို မရှိတာဗျာ။ အဲဒါတွေကို အပြစ်တွေ အများကြီးချ
တယ်။ အခုတော့ ပြစ်ဒဏ်တွေကို ပြန်ပေါင်းပေးတော့ ပြစ်ဒဏ်နည်းနည်းလျော့သွား
တာပေါ့။ ဒါပဲရှိပါတယ်။ ကျနော် ဘယ်လိုပြောရမှန်း မသိပါဘူးဗျာ။ ဒီလိုပြစ်ဒဏ်တွေကို
စကတည်းက လုပ်လို့ရတဲ့ဟာတွေပါဗျာ။ အဲတော့ အခုမှလုပ်တယ်ဆိုတာ တမင်တကာ
တင်ထားတဲ့သဘောတွေပေါ့။ ဥပဒေနဲ့မညီဘူးလို့ပဲ ကျနော်တို့ပြောတယ်ဗျာ။ အစ
ကတည်းကလည်း ကျနော်တို့ပြောပါတယ်။ ပြစ်ဒဏ်တွေက အမြင့်ဆုံးပြစ်ဒဏ်ပေး
တယ်။ အမြင့်ဆုံးပြစ်ဒဏ်ဆိုတာ အနိမ့်ဆုံးပြစ်ဒဏ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်ကြားမှာ
ဘယ်ပြစ်ဒဏ်ထိုက်သင့်တယ်ဆိုတာ တရားရုံးတွေက အဆုံးအဖြတ်ပြုရမှာ။ အဲတော့
ဒါကို မစဉ်းစားဘဲနဲ့ အမြင့်ဆုံးပေးတာကိုက မှန်ကန်မှုမရှိဘူးလို့ ကျနော်တို့ယူဆတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြ
သွားတာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ခရီးစဉ်အစအဖြစ် တနင်္ဂနွေနေ့တုန်းက
တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေအပေါ်
ဖိနှိပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်
ဘက်ကိုလည်း သွားရောက်ခဲ့တာပါ။ အဲဒီမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားခဲ့တဲ့
တိုးတက်သော ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ နောက် အစိုးရကို
လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က
ခွဲထွက်သွားခဲ့တဲ့ ကေအန်ယူ ငြိမ်းချမ်းရေးကောင်စီ စတဲ့အဖွဲ့တွေနဲ့လည်း တွေ့ဆုံ
ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG