သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေပြင်းမုန်တိုင်းသတင်း မှားယွင်းကြောင်း မိုး/ဇလ ငြင်းဆို


တနာရီ မိုင် ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်တဲ့ စိုက်ဆင်းလေပြင်းတခု ဒီလအတွင်းမှာ
ဖြစ်ပေါ်နိုင်ဖွယ်မရှိဘဲ မိုးဦးကျကာလဖြစ်တဲ့ ဧပြီလကုန်နဲ့ မေလဆန်းပိုင်းလောက်မှာမှ
ဖြစ်နိုင်ဖွယ်ရှိကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေး
မှူးချုပ် ဒေါက်တာထွန်းလွင်က ဒီကနေ့ ဗွီအိုအေကို ပြောပါတယ်။ မကြာမီရက်တွေ
အတွင်းက ဖြန့်ချိခဲ့တဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဒီလအတွင်း ဖြစ်ပေါ်နိုင်
တယ်လို့ ဖော်ပြတာဟာ နားလည်မှုလွဲမှားတာဖြစ်တယ်လို့ သူကဆိုပါတယ်။ အပြည့်
အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်မှာ ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစောင်မှာ ဒီလအတွင်း
မိုင် ၁၀၀ ကျော် ပြင်းအားရှိတဲ့ စိုက်ဆင်းလေပြင်း ဖြစ်ပေါ်နိုင်တာကြောင့် လေကြောင်း
ရေကြောင်း ခရီးသွားသူတွေ သတိထားဖို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေး
မှူးချုပ် ဒေါက်တာထွန်းလွင်ကို မေးမြန်းကြည့်တဲ့အခါ ဒီလအတွင်း မဖြစ်နိုင်ဘူးလို့ သူက
အခုလိုပြောပါတယ်။

“ဒီဂျာနယ်မှာပါတဲ့ စိုက်ဆင်းလေပြင်း ဒီလထဲမှာ ဖြစ်နိုင်တယ်ဆိုတာ မှားယွင်းရေးသား
ခြင်းဖြစ်တယ်။ အဲဒီဂျာနယ်က သူ့ဟာသူ တောင်းပန်ပါလိမ့်မယ်။ အမှားပြင်ဆင်ချက်
ထည့်ပေးပါမယ်။ အဓိပ္ပာယ်ကောက် လွဲတာဖြစ်ပါတယ်။ စိုက်ဆင်းလေပြင်းက မိုးကြို
ရာသီ၊ အကြမ်းဖျင်းပြောရရင် ဧပြီ ၁၅ မှ မေ ၁၅ လောက်အတွင်း မိုးတိမ်တောင်တွေ
ဖြစ်ရာက ဖြစ်တတ်တဲ့သဘာဝ ဖြစ်ပါတယ်။”

မိုးဦးကျကာလတွေမှာ ဖြစ်တတ်တဲ့ စိုက်ဆင်းလေပြင်းဟာ မြန်မာပြည် နေရာအနှံ့မှာ
ဖြစ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ဆက်ပြောပါတယ်။

“ဖြစ်တတ်တဲ့နေရာကတော့ မြန်မာပြည်အနှံ့ပဲဗျ။ တနည်းအားဖြင့်တော့ ပူပြင်းတဲ့ဒေသ
တွေ အဖြစ်များပါတယ်။ မြစ်ဝကျွန်းပေါ်လည်း ဖြစ်ဖူးတယ်၊ မန္တလေးနားမှာလည်း
ဖြစ်ဖူးတယ်၊ မွန်ပြည်နယ်မှာလည်း ဖြစ်ဖူးပါတယ်။ ရာသီကတော့ မိုးဦးကျ၊ နေရာဒေသ
ကတော့ အဲဒီဒေသပေါ့။ ဒီဟာတွေဖြစ်ရင် အများအားဖြင့် လေကတော့ မုန်တိုင်း
လောက် မပြင်းပါဘူး။ မပြင်းပေမယ့် ပြည်တွင်းရေကြောင်းသွားတဲ့ သင်္ဘောတွေ
အတွက်တော့ အန္တရာယ်ရှိနိုင်တယ်။ အန္တရာယ်ရှိခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။
အဲဒါကို ကျနော်တို့က ကြိုတင်ပြောခြင်း ဖြစ်ပါတယ်။ ပင်လယ်တို့ ဘာတို့မှာ ပြဿနာ
မရှိဘူး၊ ဒီကောင်က ပြည်တွင်းရေကြောင်းပဲ။ မြစ်တွေဘာတွေထဲသွားတဲ့ လှေတို့
သင်္ဘောတို့ပဲရှိတယ်။ ရေစူးမများတဲ့ သင်္ဘောတွေအတွက် အန္တရာယ်ရှိပါတယ်။”

ဒီလအတွင်းမှာ စိုက်ဆင်းလေပြင်း ကျရောက်နိုင်တယ်ဆိုတဲ့သတင်းကြောင့် ပြည်သူ
တွေအကြားမှာ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ အရင်နှစ် မေလက
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်က ဒေသခံပြည်သူတွေ အထိတ်တလန့်
ဖြစ်နေကြရကြောင်းကို ဒေသခံတွေက အခုလိုပြောပါတယ်။

“ကျနော်က စက်ကျွန်းကပါ။ ကျနော်လည်း အခု ထိတ်လန့်နေပါတယ်။ အိပ်လို့မရ၊
စားလို့မရ ဖြစ်နေပါတယ်။ မြို့ကိုတက်လာမယ့် အခြေအနေကတော့ တောတွေမှာ
အကုန်လုံး စုစည်းကုန်ပြီ။ အခုလို နောက်ထပ် မုန်တိုင်းတခု ဖေဖော်ဝါရီလထဲမှာ
ကျမယ်ဆိုတော့ လူတွေကလည်း ငိုတာတွေရော၊ ရယ်တာတွေရော ဖြစ်ကုန်ကြပြီ။
မြို့ပေါ်တက်တဲ့လူတွေကလည်း ရောက်လာကုန်ကြပြီ။ ကျနော်လည်း ဒီညနေပြန်မှာပဲ။
ကျနော့်မိသားစု မြို့ကိုခေါ်တော့မှာပဲ။ နေစရာမရှိတော့လည်း ဘုန်းကြီးကျောင်း
တည်းရမှာပေါ့။”

“အခုက အရပ်ထဲမှာ သူတို့က သေသေချာချာလည်း မဖတ်ကြဘူးလေ။ မုန်တိုင်း
ကြေညာထားတယ်၊ ဖေဖော်ဝါရီလထဲမှာ ကျမယ်ဆိုပြီးတော့ အထိတ်တလန့်၊
ကောလာဟလပုံစံမျိုးနဲ့တော့ ဒီရက်ထဲမှာ ပျံ့နှံ့နေတယ်။ ကျနော်တို့ကိုမေးတော့
ကျနော်တို့လည်း ရှင်းပြရတာပေါ့။ ဘယ်မှာဖြစ်မယ်ဆိုတာ အတိအကျတော့ မသိဘူး
ပေါ့။ ဒီရာသီမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတဲ့သဘောပေါ့။ သူတို့ကတော့
ဒီဖေဖော်ဝါရီလထဲမှာ ကြိမ်းသေပေါက်ကျမယ့်ပုံစံမျိုး ရေးထားတယ်၊ ဖြစ်မယ်ပေါ့။
ကျနော်တို့ကလည်း ပထမတကြိမ်တုန်းကလည်း နာဂစ်မုန်တိုင်းကျခဲ့ဖူးတော့ အကုန်
လုံးက ခံစားထားရတော့ ဒီရာသီ မိုးတွင်းပြန်ရောက်မှာတောင် အားလုံးက
ကြောက်နေကြတာ။”

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနကတော့ စိုက်ဆင်းလေပြင်း ကျရောက်တတ်
တဲ့ရာသီမှာ အထူးသတိထား ပြေးဆွဲဖို့နဲ့ လေပြင်းကျလာရင် ရေယာဉ်တွေကို အရေး
ပေါ် ပြောင်းရွှေ့ခိုလှုံဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁၄၀,၀၀၀
လောက် ကွယ်လွန်ပျောက်ဆုံးခဲ့ပြီး ၅,၀၀၀,၀၀၀ ကျော်လောက် မုန်တိုင်းဒဏ်ခံခဲ့ရ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG