သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီဆွေးနွေးမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် သောကြာနေ့ကျရင် အစီရင်ခံဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးဟာ မစ္စတာ ဂမ်ဘာရီလောက်နဲ့ မပြီးဘဲ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဝင်ရောက် ကိုင်တွယ်ရမယ့် အခြေအနေမို့ လုံခြုံရေး ကောင်စီကို မစ္စတာ ဘန်ကီမွန်းသွားဖို့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအအဖွဲ့က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဒီလဆန်းမှာ သွားရောက်ခဲ့တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် အကြံပေး မစ္စတာ ဂမ်ဘာရီဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ မစ္စစွန်အာချွိုင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံး သွားခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သောကြာနေ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးပွဲ ပြီးရင်လည်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်တွေ မေးတဲ့ မေးခွန်းတခု နှစ်ခုကိုတော့ သူဖြေချင်ဖြေပါလိမ့်မယ်။

မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချု့ပ်ရဲ့ သဘောထားတွေကို ကုလသမဂ္ဂက အကြံပြုထားတဲ့ အချက်အလက်တွေကို သောကြာနေ့က အစီရင် ခံမှာမို လုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လာနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NCGUBအဖွဲ့ ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို မေးကြည့်ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ရလာဒ် တိတိကျကျ ထွက်လာတာ မရှိပါဘူး။ လုံခြုံရေး ကောင်စီအနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာတဲ့ အပိုင်းကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နယူယောက်မှာ ရှိတဲ့ သံတမန် အသိုင်းအဝိုင်းမှာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ အရေးကိစ္စကို ကြားဝင်ဆောင်ရွက်လာတာ နှစ်အချို့ ရှိလာပြီ၊ ရလာဒ် တစုံတရာ ထွက်မလာတဲ့အပြင် နအဖ ဘက်က ဆက်ပြီး ခေါင်းမာမာနဲ့ ရပ်တည် နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း ဆက်ပြီးသွားမယ်ဆိုတဲ့ အပိုင်းတွေမှာ မစ္စတာ ဂမ်ဘာရီတွင်မကဘဲ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် သွားပြီး ကြားဝင်ဆောင်ရွက်ရင်ကောင်းမလားဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတာပေ့ါ။ NLDရဲ့ သဘောထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်နိုင်မယ့် အခြေအနေရှိမှ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာသင့်တယ်ဆိုတာတွေ သိရတယ်။ ဘယ်လို အခြေအနေအောက်မှာ ဘန်ကီမွန်း သွားသင့်သလဲဆိုတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကြည့်လိုက်တဲ့အခါ မစ္စတာ ဂမ်ဘာရီအနေလောက်နဲ့ ထူးလာမယ့် အခြေအနေကို မတွေ့ဘူး။ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဆောင်ရွက်ဖို့ ဆိုတဲ့ လမ်းကြောင်းပဲ ကျန်တော့တာပေါ့။ အထွေထွေ အတွင်းရေးမှူးချုပ်ဆိုတာ အကြီးဆုံးဆိုတော့။ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် သွားရင်လည်း နအဖက အပေါ်ယံလောက်နဲ့ လူကြားကောင်းယုံလောက် တွေ့ဆုံမယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် တုန့်ပြန်တာတို့ မဖြစ်ခဲ့ဘူးဆိုရင်၊ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို နအဖက တလွဲသုံးတဲ့ အနေအထားမျိုးတွေကို စိုးရိမ်ကြတာတွေ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက်သင့်တာတော့ မှန်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရလာဒ်ရဖို့ လိုတယ်။ ရလာဒ်ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်လာတာ ရှိမယ်၊ တွေ့ဆုံဆွေးနွေးပွဲ ပြန်ဖြစ်လာတာ တွေ ရှိမယ်။ ဒီလို ရလာဒ် ဖြစ်ဖို့ဆိုရင် မသွားခင်ကတည်းက ပြင်ပြင်ဆင်ဆင်ရှိဖို့လိုတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေ တရုတ်တို့ အိန္ဒိယတို့ အာစီယံ ဒေသတွင်းနိုင်ငံတွေဘက်က အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အပြည့်အ၀ လက်တွဲ ဆောင်ရွက်ဖို့ လိုတယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို နအဖကနေပြီး အပြုသဘော တုန့်ပြန်လာအောင် ဖိအားပေးမှုတွေ ပေးဖို့လိုတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG