ကနေဒါနိုင်ငံကို ပထမဆုံး နိုင်ငံခြားခရီးစဉ်
အဖြစ် သွားခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) ဟာ ကနေဒါ
ဝန်ကြီးချုပ် စတီဗင် ဟာပါ (Steven Harper)
နဲ့ တွေ့ဆုံပြီး ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ရာသီ
ဥတုပြောင်းလဲမှုနဲ့ အာဖဂန်နစ္စတန်နိုင်ငံ
အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြ
ပါတယ်။
လေထုညစ်ညမ်းမှု မဖြစ်စေတဲ့ သန့်ရှင်း
စွမ်းအင် ထုတ်လုပ်သုံးစွဲရေး အစပြု
ဆောင်ရွက်ချက်ကို မစ္စတာအိုဘားမားနဲ့
မစ္စတာဟာပါတို့က အော့တဝါမြို့တော်မှာ
ကြာသပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ကြပါတယ်။
ဒီအစပြု ဆောင်ရွက်မှုဟာ အင်မတန်ထူးခြားတဲ့ စတင်မှုဖြစ်တယ်လို့ မစ္စတာ
အိုဘားမားက ဖော်ပြပြောဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အာဖဂန်နစ္စတန်
နိုင်ငံဟာ အမေရိကန်ရဲ့ အာရုံစိုက်မှုကို မရခဲ့ဘဲ အခုတော့ အခြေအနေဟာ ယိုယွင်းနေ
တဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်အပေါ်ထားတဲ့ အမေရိကန်ရဲ့ဗျူဟာကို အမေရိကန်က
ပြန်ပြီးသုံးသပ်နေကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ
အပေါ်ထားတဲ့ ကနေဒါရဲ့ ခိုင်မာတဲ့ သဘောထားကြောင့်လည်း အမေရိကန်က
အင်မတန် အားရတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို တိုက်ဖျက်နိုင်ဖို့ အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ
အနီးကပ်ဆောင်ရွက်ဖို့ကိုလည်း မစ္စတာအိုဘားမားနဲ့ သဘောတူခဲ့တယ်လို့ ဝန်ကြီးချုပ်
ဟာပါက ပြောပါတယ်။ စီးပွားရေးကျဆင်းမှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံနေရတဲ့ အလုပ်
သမားတွေ၊ မိသားစုတွေကို အကာအကွယ်ပေးဖို့ စီးပွားရေးပြန်လည်တိုးတက်လာ
အောင် အရေးပေါ်ဆောင်ရွက်ချက်တွေကို အမြန်ဆုံးလုပ်သွားဖို့လည်း သဘောတူခဲ့
ကြတယ်လို့ ကနေဒါဝန်ကြီးချုပ် မစ္စတာဟာပါက ပြောပါတယ်။
ကနေဒါဟာ အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး အမေရိကန်အတွက်
ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဖြည့်ဆည်းပေးနေရတဲ့ အဓိကနိုင်ငံတခုလည်း
ဖြစ်ပါတယ်။